ပဲခူး ၃ မေ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက်အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ဗိုလ်လုပွဲအဖြစ် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အသင်းတို့ယှဉ်ပြိုင်ကြရာ သာယာဝတီခရိုင်အသင်းက အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။

ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် အကောင်းဆုံးအားကစားဆုကိုရရှိသူ ထက်လင်းအောင်ပြည်ခရိုင်အား ဆုတံဆိပ်နှင့်ငွေသားဆုကို ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးကလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ခရိုင်အသင်းအား တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးကြည်ဇင်ကလည်းကောင်း၊ ပထမဆုရရှိသော သာယာဝတီခရိုင်အသင်းအား လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေးကလည်းကောင်း၊ ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က အသီးသီး ဆုများပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါပဲခူးတိုင်းဒေသကြီး(၄)ခရိုင်ပြိုင်ပွဲမှ အကောင်းဆုံးကစားသမားများကိုစုစည်း၍ တောင်ကြီးမြို့တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘော ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအား မေလ ၂၂ မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)