ပဲခူး ၃၁ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် အောက်တိုဘာလ(၃၁)ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာ၌ ဝန်ထမ်းအိမ်ရာတည်ဆောက်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးမှ ဝန်ထမ်းအိမ်ရာတည်ဆောက်ခဲ့မှု အခြေအနေ၊ ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းအခြေအနေနှင့် အိမ်ရာတွင်ဝန်ထမ်းများထားရှိမည့် အခြေအနေများ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။
ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့ ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ဘိုးတော်ကုန်းကျေးရွာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ မြို့နယ်အဆင့်ဦးစီးဌာနဝန်ထမ်းများ အတွက်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် (၄)ခန်းတွဲ(၅)ထပ်ဝန်ထမ်းအိမ်ရာ(၂)လုံးတည်ဆောက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နောက်ထပ်လုံးနှင့် ဘဏ္ဍာနှစ်အလိုက်အိမ်ရာ(၆)လုံး ပြည့်မီအောင် ဆက်လက်တည်ဆောက်ပေးသွားမည် ဖြစ်သည့်အပြင် အိမ်ရာနေဝန်ထမ်းများ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ လွယ်လင့်တကူဝယ်ယူနိုင်အတွက် Shop House တစ်ခုပါ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တည်ဆောက်ပြီးစီးသွားသည့်(၄)ခန်းတွဲ(၅)ထပ်ဝန်ထမ်းအိမ်ရာ (၂)လုံးအား တစ်လုံးလျှင် တိုင်းဒေသကြီး ဘတ်ဂျက်မှခွင့်ပြုငွေကျပ် (၃၁၂ ဒသမ ၄၅၅)သန်းဖြင့် ရတီပြည့်လျှံကုမ္မဏီလီမိတက်နှင့် တော်ဝင်လင်းကုမ္ပဏီလီမိတက်တို့မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး (ပဲခူး)


