ပဲခူး ၂၂ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် နိုဝင်ဘာ(၂၁)ရက် မွန်းလွဲပိုင်းက ရေတာရှည် မြို့နယ် စည်ပိုင်းကျေးရွာအုပ်စုနှင့် နဂျပ်ကျေးရွာအုပ်စုတို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက် တံတားချည်းကပ်လမ်းနှင့် ကျောက်ရောမြေလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား တာဝန်ရှိ သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စည်ပိုင်းကျေးရွာအုပ်စုနှင့် နဂျပ်ကျေးရွာအုပ်စုတို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက် လမ်းမပေါ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပိုလျှံ ရန်ပုံငွေကျပ် သိန်း(၂၂၅၀)ဖြင့် ဆောင်ရွက်ခဲ့သည့် ပေ(၁၅၀×၁၈×၁၀) ရှိ သံကူကွန်ကရစ်တံတား၏ ချည်းကပ်လမ်းနှင့် တံတားနှင့်ဆက်သွယ်သည့် လမ်းအား ကျောက်ရောမြေလမ်း (၁.၇)မိုင်အား ဆောင် ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် တောင်ငူခရိုင်နှင့် နေပြည်တော်သို့ ဆက်သွယ် သွားလာမည့် ဇရစ်ရိုးကုန်း- မီးချောင်းအိုင် ခရိုင်ချင်းဆက်လမ်း (၁/ဝမိုင်×၁၄'×၁၄") ကျောက်ချောလမ်း ခင်းမည့် အခြေအနေအားလည်းကောင်း၊ ရေတာရှည်မြို့နယ် ရွှေသောင်ကျေးရွာဟောင်းသို့ သွားရောက် သည့် ကျေးလက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားအား သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားမှုအပေါ် ပြန်လည်တည်ဆောက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


