နေပြည်တော် ဧပြီ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ “ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရမည် ဝန်ကြီးရုံးရဲ့ စွမ်းဆောင်ရည်” မှတ်တမ်းဗီဒီယိုကို ပြသသည်။
ချိတ်ဆက်ဆောင်ရွက်ရ
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့ဝန်ကြီးဌာနသည် ဝန်ကြီးဌာန၏ မူလတာဝန်များအပြင် ရုပ်ရှင်၊ ဂီတ၊ စာပေနှင့် သက်ဆိုင်သည့် ကဏ္ဍများတိုးတက်ရေးအပါအဝင် နိုင်ငံတော်နှင့် သက်ဆိုင်သည့် ကဏ္ဍတိုင်းတွင် တက်တက်ကြွကြွ ပါဝင်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဝန်ကြီးရုံးသည် ဝန်ကြီးဌာနအောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဟူသည့် ဌာနကြီး ၅ ခုကို ထိန်းညှိကွပ်ကဲပြီးအထက် ဌာနနှင့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်ရပါကြောင်း၊ ဝန်ကြီးရုံးသည် ဝန်ကြီးဌာန ပုံရိပ်ကောင်းမွန်အောင် ရှေ့မှဦးဆောင်တာဝန်ထမ်းဆောင်နေရသည့်အတွက် ဝန်ကြီးရုံးဝန်ထမ်းများသည် အရည်အသွေးထူးချွန်ထက်မြက်ပြီး အမှားအယွင်းမရှိ၊ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းနေရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနလုပ်ငန်းများကို မှန်မှန်ကန်ကန် အောင်အောင်မြင်မြင်ဖြစ်စေရန်အတွက် Check, Recheck, Counter Check ဖြင့် စိစစ်ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများ စနစ်ကျစေရန်၊ လုံခြုံမှုရှိစေရန် အမြဲဂရုပြုဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်မီဒီယာဖြစ်သည့် အားလျော်စွာ မီဒီယာကဏ္ဍအတွက် အားမာန်အပြည့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မီဒီယာအနေဖြင့် ယနေ့ နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ကိစ္စရပ်များတွင် တချို့သူများ၏ အစွန်းရောက် တွေးခေါ်လုပ်ဆောင်နေမှုများကို ပြည်သူများ အမှန်အတိုင်းနားလည်သိရှိစေရေး၊ ပြည်သူများ စိတ်ဓာတ်ပြိုကွဲစေရန် ရည်ရွယ်သည့် သတင်းတု၊ သတင်းမှားများကို တုံ့ပြန်ဆောင်ရွက်ရေးတို့ကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အတွက် ပို၍ကြိုးစားဆောင်ရွက်သွားကြရန်နှင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ ယုံကြည်မှုရှိရှိဖြင့် ရှေ့ဆက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မိမိတို့ သိရှိသည်များကို မိမိတို့ မိသားစု၊ ပတ်ဝန်းကျင်တွင် အသိပညာများ မျှဝေပေးကြရန်နှင့် ကောလာဟလများနှင့် သတင်းတု၊ သတင်းမှားများကြောင့် စိုးရိမ်ပူပန်မှုမရှိစေရေးဆွေးနွေးအသိပေးကြရန် ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြုပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်အနည်းဆုံးဖြစ်စေရန် ဆက်လက်ကြိုးပမ်းကြစေလိုပါကြောင်း၊ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်ရင်း ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ပါက ပိုမိုတိုးတက်သည့် ဌာနတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ကြီးရုံးသည် ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းများကို စုစည်းဆောင်ရွက်ပေးရသည့် ဌာနတစ်ခုဖြစ်သည့်အတွက် လုပ်ဆောင်ရသည့် လုပ်ငန်းများ များပြားပါကြောင်း၊ များပြားလှသည့် တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စံပြဆုရရှိသည့် မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးခင်မောင်ထူးနှင့် ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီခိုင်တို့ကို ဂုဏ်ပြုဆုများချီးမြှင့်ပြီး ဝန်ထမ်းများအတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ဌာနခွဲများအလိုက် ထူးချွန်ဆုရရှိကြသည့် အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်စုသန္တာ၊ မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မြတ်မွန်၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဦးရန်နိုင်ထွန်း၊ ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲမှ ဒုတိယဦးစီးမှူး ဦးဝေလင်းအောင်၊ ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းမြင့်နှင့် e-Government ဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြတ်မြတ်မိုးတို့ကို ဆုများပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများအတွက် အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက Basic Networking Course သင်တန်းတွင် ဒုတိယဆုရရှိသည့် မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးခင်မောင်ထူး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)၊ အရာထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၆၇)(သေနတ် ပစ် ထူးချွန်ဆု) ရရှိသည့် ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့သင်းနှင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကကြီးမှူးကျင်းပသော မှတ်မိစွဲထင်တရုတ်ခရီးစဉ် ဆောင်းပါး ဓာတ်ပုံပြိုင်ပွဲနှင့် ဗီဒီယိုအတိုပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ကြည်ဖြူတို့ကို ဆုများပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးငွေများ ပေးအပ်သည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝန်ထမ်းများကို ငွေသားကံစမ်းမဲများ ဖောက်ပေးပြီး ထူးချွန်ဆုရရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်