mdn

နေပြည်တော် ဩဂုတ် ၄ 

 

ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သင်တန်းကို ဩဂုတ် ၂ ရက်တွင်  စက်မှုဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန်   ဦးခင်မောင်ဝင်း၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက် ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အရည်အသွေးပြည့်ဝသည့် ဝန်းထမ်းများ ခန့်အပ်နိုင်ရေး၊ ရာထူးတိုးမြှင့် ခန့်အပ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဝန်ကြီးဌာန အတွင်းရှိ အဆင့်မြင့်အရာရှိများအနေဖြင့် ရာထူးတိုးမြှင့်ရေး ကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အချင်းစိစစ် ဆောင်ရွက်နိုင်စေရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေပါ ရာထူးတိုးမြှင့်ရေးဆိုင်ရာ နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကို သိရှိမှသာ မှန်ကန်စွာ အကဲဖြတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ရာထူးတိုးတက်ရေး ကိစ္စရပ်များ နှင့်ပတ်သပ်၍ ဝန်ထမ်းများ နစ်နာမှု မရှိစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း ရေးရာကိစ္စရပ်များကို ကျောသားရင်သားမခွဲခြားဘဲ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း က ဒုတိယညွှန်ကြားရေးမှူးမှ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်  အဆင့်သို့ ရာထူးတိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ လက်ထောက်ညွှန်ကြားရေးမှူး အဆင့် နှင့် အောက် ဝန်ထမ်းများကို ရာထူးတိုးမြှင့်ရေးလုပ်ငန်းစဉ်များ၊ ဦးစီးအရာရှိအဆင့် သို့ ရာထူး တိုးမြှင့်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသား များ၏ မေးမြန်းမှုများကို အမြဲတမ်းအတွင်းဝန်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 


အဆိုပါ သင်တန်းကို ဩဂုတ်(၂) ရက်မှ (၄) ရက်အထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြား ခဲ့ပြီး စက်မှုဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်း(၅၀) တက်ရောက်ခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)