ဝန်ကြီးဌာနသုံးခုပံ့ပိုးမှုဖြင့် နိုင်ငံတကာကုန်စည်ပြပွဲ ကျင်းပမည်

ရန်ကုန်  ၃  စက်တင်ဘာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပါဝင်ပံ့ပိုးကူညီ၍ ကုန်သည်စက်မှုအသင်းချုပ်၏ ၂၀၁၉ ခုနှစ်တွင် ပြည့်မြောက်မည့် နှစ်(၁၀ဝ)ပြည့်အထိမ်းအမှတ် UMFCCI Centennial Inter-national Expo 2019 နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကို စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်တိုင်တိုင် ရန်ကုန်မြို့ သာကေတမြို့နယ် မင်းနန္ဒာလမ်းမကြီးရှိ ဖော်ကျွန်းပလာဇာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပြပွဲကြီးက မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဒေသထုတ်ကုန်တွေကို နိုင်ငံတွင်းကနေတစ်ဆင့် ကမ္ဘာကသိအောင် ချပြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ စီးပွားရေး မိတ်ဖက်တွေနဲ့အတူတကွ ပူးပေါင်းပြီး နိုင်ငံ့အကျိုးစီးပွားတိုးတက်ဖို့ ပါဝင်ဆောင်ရွက်သွားကြမှာပါဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက စက်တင်ဘာ ၂ ရက်နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ နိုင်ငံတကာ ကုန်စည်ပြပွဲကြီးတွင်ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ် (တိုင်ပေ) နှင့်ပြည်တွင်း လုပ်ငန်းရှင်များ၏ ပြခန်းများအပါအဝင်ပြခန်းပေါင်း ၂၀ဝ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း၊ ပရိသတ် ၃၀ဝ၀ဝ မှ ၅၀ဝ၀ဝ ကြား တက်ရောက်ကြည့်ရှုကြလိမ့်မည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။

ဒီပြပွဲကြီးက ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးအခွင့်အလမ်းများ အကောင်းဆုံး ရရှိနိုင်မှာပါ။ မြန်မာလုပ်ငန်းရှင်တွေရဲ့ ကိုယ့်ဒေသထွက်ကုန်များကို ဒီပွဲမှာ ထုတ်ဖော်ပြသစေချင်လို့ပါ။ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေကို နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်အောင်လို့ပါဟု ပြပွဲကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး ဦးမျိုးသန့်က ပြောသည်

ယင်းနိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ ဒေသတွင်း ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများတွင်ဆုရရှိသည့် SME လုပ်ငန်းရှင်များအတွက် ပြခန်းများကို အခမဲ့စီစဉ်ပေးထားသည့်အပြင် အသင်းချုပ်ညီနောင်အသင်းများ အတွက်လည်း ပြခန်းပေါင်း ၃၅ ခန်း အခမဲ့ပံ့ပိုးကူညီထားကြောင်း သိရသည်။

မြင့်မောင်