ကျော်နိုင်ဦး (ပတ်ဝန်းကျင်)

 

ယနေ့ကမ္ဘာပေါ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေထဲမှာ လေထု ညစ်ညမ်းမှုဟာလည်း ပိုမိုကြီးမားလာနေတဲ့  ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ လေထုထဲမှာ မလိုလားအပ်တဲ့ ဓာတုပစ္စည်းနဲ့ အခြားအရာတွေ ရောနှောပါဝင်နေတာကြောင့် လေရဲ့အရည်အသွေးကျဆင်းခြင်းကို လေထု ညစ်ညမ်းမှုလို့ ခေါ်ဆိုကြပါတယ်။

 

ညစ်ညမ်းတဲ့လေတွေကို နေ့စဉ်ရှူရှိုက်နေရရင် လူသားနဲ့သက်ရှိသတ္တဝါတွေဟာ အရွယ်မတိုင်မီ အသက်သေဆုံးနိုင်ပြီး  ကောက်ပဲသီးနှံတွေနဲ့ သစ်တော၊    သစ်ပင်တွေကိုလည်း   ထိခိုက်ပျက်စီး စေနိုင်ပါတယ်။ ဒါကြောင့်  ကမ္ဘာပေါ်က သက်ရှိတွေ အားလုံးကျန်းကျန်းမာမာ ရှင်သန်နေထိုင်နိုင်ဖို့ သန့်ရှင်းတဲ့လေကို  ရှူရှိုက်ခွင့်ရရှိရေးဟာ လွန်စွာ အရေးကြီးလှပါတယ်။ 

 

လေထုညစ်ညမ်းမှုဖြစ်ရခြင်း၏ အကြောင်းရင်းများ

 

လေထုညစ်ညမ်းမှုဟာ တောမီးလောင်ကျွမ်းခြင်း၊ မီးတောင်ပေါက်ကွဲခြင်းစတဲ့ သဘာဝဖြစ်စဉ်တွေကြောင့် ဖြစ်ပေါ်နိုင်သလို လူသားတွေရဲ့ လုပ်ဆောင်မှုအမျိုးမျိုးကြောင့်လည်း ဖြစ်ပေါ်ရပါတယ်။ လူသားတွေရဲ့ လုပ်ဆောင်မှုတွေကို ကြည့်မယ်ဆိုရင် စက်ရုံ အလုပ်ရုံတွေ၊ မော်တော်ယာဉ်တွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေတိုးတက်များပြားလာမှုကတစ်ဆင့် ထွက်ပေါ်လာတဲ့ အခိုးအငွေ့နဲ့ အမှုန်အမွှားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့လေထုထဲမှာ လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့အရာ ပစ္စည်းတွေ အမျိုး ပေါင်း ၁၀၀ ခန့် ရှိနိုင်ပါတယ်။ ၎င်းအနက်မှ လေထု ညစ်ညမ်းမှုကိုဖြစ်ပေါ်စေတဲ့ အဓိကပစ္စည်းတွေက တော့ ဆာလ်ဖာအောက်ဆိုဒ် (SOx)၊ နိုက်ထရိုဂျင် အောက်ဆိုဒ်(NOx)၊ ကာဗွန်မိုနော့ဆိုဒ်(CO)၊ အလွန် သေးငယ်တဲ့အမှုန်အမွှားတွေ(PM)၊ အငွေ့ပြန်လွယ်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေ (VOCs)၊ ရေဒီယို သတ္တိကြွပစ္စည်းတွေ၊ ခဲ၊ ပြဒါးကဲ့သို့ အဆိပ်သင့်စေတဲ့ သတ္တုတွေ၊ အမိုးနီးယား (NH3) နဲ့ စွန့်ပစ်ပစ္စည်းတွေ၊ မိလ္လာနဲ့ အညစ်အကြေးတွေ၊ စက်မှုလုပ်ငန်းတွေကထွက်တဲ့ အနံ့ဆိုးတွေဖြစ်ပါတယ်။ ဒါ့အပြင် ဆင့်ပွား ညစ်ညမ်းမှုတွေဖြစ်တဲ့ မီးခိုးမြူငွေ့ (Smog) နဲ့ မြေပြင်ရှိ အိုဇုန်းဓာတ်ငွေ့ (Ground Level Ozone)တွေဟာလည်း လေထုညစ်ညမ်းမှု အဓိကဖြစ်ပေါ် စေတဲ့အရာတွေ ဖြစ်ပါတယ်။

 

အဆိုပါ လေထုညစ်ညမ်းစေတဲ့ပစ္စည်း (Pollu-tants)တွေဟာ ကျောက်မီးသွေး၊ ရေနံစတဲ့ ရုပ်ကြွင်း လောင်စာတွေ လောင်ကျွမ်းတဲ့အခါ (ဒါမှမဟုတ်) အပြည့်အဝမလောင်ကျွမ်းတဲ့အခါ၊ စက်မှုလုပ်ငန်း အမျိုးမျိုး၊ မော်တော်ယာဉ်တွေရဲ့ အိပ်ဇောပိုက်တွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ တောမီးလောင်ကျွမ်းခြင်း စတာတွေကြောင့် ထွက်ရှိလာပြီး အန္တရာယ်ကြီးမားလှတဲ့ ကမ္ဘာ့လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်လာစေပါတယ်။

 

လူ့ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ

 

လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေတဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ (SO2) တွေဟာ စူးရှပြီး မနှစ်မြို့ဖွယ် အနံ့ရှိကာ ရှူရှိုက်မိပါက နှာခေါင်းနဲ့ လည်ချောင်းကို ယားယံစေခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်တစ်ဝိုက် တင်းကျပ်တဲ့ ဝေဒနာခံစားရခြင်း စတဲ့ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့(NO2) တွေကို အချိန်ကြာကြာရှူရှိုက်မိရင် ချောင်းဆိုးရင်ကျပ်ခြင်း၊ အဆုတ်ရဲ့လုပ်ငန်းစဉ်တွေကို ယုတ်လျော့စေခြင်း၊ ပန်းနာရင်ကျပ်ရောဂါ အခံရှိသူတွေ ပိုမိုထိခိုက်ခံစား လွယ်ခြင်း၊ အရေပြားယားယံခြင်း စတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ (CO)တွေဟာ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ ပျို့အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ အချိန်ကြာမြင့်စွာ ရှူရှိုက် မိပါက အသက်သေဆုံးခြင်းအထိပင် ဖြစ်စေနိုင်ပါ တယ်။ အလွန်သေးငယ်တဲ့အမှုန်အမွှားများ (PM2.5 နဲ့ PM10) တို့ဟာ အသက်ရှူလမ်းကြောင်းက တစ်ဆင့် အဆုတ်အတွင်းထဲအထိ ရောက်ရှိနိုင်ပြီး နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာရောဂါတွေအထိ ဖြစ်ပွားနိုင်ပါတယ်။ မြေပြင်ရှိ အိုဇုန်းဓာတ်ငွေ့ (Ground Level Ozone)တွေဟာ အဆုတ်ကို ထိခိုက်စေနိုင်ပြီး ချောင်းဆိုး၊ ရင်ကျပ်၊ ပန်းနာ ဖြစ်ပွားလွယ်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ယနေ့ခေတ်ကမ္ဘာပေါ်မှာ သန့်ရှင်းလတ်ဆတ်တဲ့လေကို မရှူကြရတဲ့ လူသားသန်းပေါင်းများစွာ ရှိနေပါတယ်။ UNEP ရဲ့ ၂၀၂၁ ခုနှစ် စစ်တမ်းတွေအရ ညစ်ညမ်းတဲ့လေကို ရှူရှိုက်နေကြရလို့ အကြမ်းဖျင်းအားဖြင့် နှစ်စဉ်လူဦးရေ ၈ ဒသမ ၁ သန်းခန့်ဟာ အရွယ်မတိုင်မီ သေဆုံးနေရကြောင်း၊ ၎င်းတို့အနက် အိမ်တွင်းနဲ့ ပြင်ပလေထုညစ်ညမ်းမှုကြောင့် အသက်ငါးနှစ်အောက် ကလေးငယ်တွေ သေဆုံးမှုဟာ ခုနစ်သိန်းကျော် အထိရှိကြောင်း သိရှိရပါတယ်။ အရွယ်မတိုင်မီ သေဆုံးမှုတွေမှာဆိုရင် နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ နာတာရှည်ရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ၊ လေဖြတ်ခြင်း စတဲ့ ရောဂါတွေ ဖြစ်ပွားမှုကြောင့် သေဆုံးရတာဖြစ်ပါတယ်။

 

လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှု

 

လေထုညစ်ညမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုတို့ဟာ တိုက်ရိုက်ဆက်နွှယ်နေပါတယ်။ ရုပ်ကြွင်း လောင်စာတွေ လောင်ကျွမ်းရာက ထုတ်လွှတ်လိုက်တဲ့ လေထုညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်၊ နိုက်ထရပ်အောက်ဆိုဒ်၊ မီသိန်းနဲ့ အခြားမှန်လုံအိမ်ဓာတ်ငွေ့တွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာနေပြီး အကျိုးဆက်အဖြစ် ကမ္ဘာ့အပူချိန်မြင့်တက်လာကာ ကမ္ဘာတစ်ဝန်းလုံးမှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ ဖြစ်ပေါ်လာရပါတယ်။ ပြောင်းလဲဖောက်ပြန်လာတဲ့ ရာသီဥတု အခြေအနေတွေကြောင့် ရေကြီးခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်းစတဲ့ သဘာဝ ဘေးဆိုးတွေဟာ ဟိုယခင်ကထက် အကြိမ်ရေ များများနဲ့ ပြင်းပြင်းထန်ထန် ခံစားလာကြရပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံတွေအားလုံးက ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို ဟန့်တား တိုက်ဖျက်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြရာ လေထုညစ်ညမ်းမှု လျှော့ချရေးဟာ အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်လို့ နေပါတယ်။

 

လေထုညစ်ညမ်းမှုလျှော့ချရေး နည်းလမ်းများ

 

လေထုညစ်ညမ်းမှုလျှော့ချနိုင်ဖို့အတွက် အဓိကဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကတော့ ရုပ်ကြွင်းလောင်စာတွေ အများအပြားသုံးစွဲနေမှု အစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တွေကို အစားထိုးသုံးစွဲခြင်းပဲ ဖြစ်ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုတာ စဉ်ဆက်မပြတ်ရရှိနိုင်တဲ့ စွမ်းအင်တွေဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ကာ လေထုညစ်ညမ်း စေတဲ့ပစ္စည်းတွေနဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေ တိုက်ရိုက်ထုတ်လွှတ်မှုမရှိတဲ့ စွမ်းအင်တွေဖြစ်ပါတယ်။ (ဥပမာ - ရေအားစွမ်းအင်၊ နေရောင်ခြည် စွမ်းအင်၊ လေအားစွမ်းအင်နှင့် ဘူမိအပူစွမ်းအင်တွေ ဖြစ်ပါတယ်။ )

 

ဒုတိယလုပ်ငန်းစဉ်ကတော့ အစိမ်းရောင် နည်းပညာ (Green Technology)တွေ ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရေးပင် ဖြစ်ပါတယ်။ အစိမ်းရောင်နည်းပညာဆိုတာ ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေတဲ့ နည်းပညာတွေဖြစ်ပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်သုံးစွဲတဲ့ မော်တော်ယာဉ်တွေအစား လျှပ်စစ်ယာဉ်တွေ တီထွင် အသုံးပြုတဲ့နည်းပညာတွေ၊ လေသန့်စင်တဲ့ နည်းပညာတွေ၊ သုံးစွဲပြီး စက္ကူ၊ ပလတ်စတစ်၊ စွန့်ပစ် ပစ္စည်းတွေကို ပြန်လည်ပြုပြင်ထုတ်လုပ်တဲ့နည်းပညာတွေ စတာတွေဟာ အစိမ်းရောင်နည်းပညာတွေပဲ ဖြစ်ပါတယ်။

 

လေထုညစ်ညမ်းမှု လျှော့ချနိုင်ဖို့အတွက် တတိယလုပ်ငန်းစဉ်ကတော့ သစ်တောသစ်ပင်တွေ တိုးမြှင့် စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ သစ်ပင်တွေဟာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကို စုပ်ယူပြီး နေရောင်ခြည်စွမ်းအင်ရဲ့ အကူအညီနဲ့ အစာချက်လုပ်ကာ ကျွန်ုပ်တို့လူသားတွေအသက်ရှင်ဖို့ အဓိကလိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်လွှတ်ပေးတာ အားလုံးသိရှိထားကြပြီး ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ဟာ ကမ္ဘာကြီးကိုပူနွေးစေတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေအနက် အဓိကကျတဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်တာ ကြောင့် သစ်တောသစ်ပင်တွေ ပြုစုစိုက်ပျိုး ထိန်းသိမ်းခြင်းဟာ ဝန်းကျင်လေထုကို သန့်စင်စေရုံ သာမက မှန်လုံအိမ်အာနိသင်ကို လျှော့ချနိုင်ပြီး ကမ္ဘာကြီးပူနွေးလာမှုနဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဟန့်တား တိုက်ဖျက်နိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့မြန်မာနိုင်ငံအနေနဲ့ သဘာဝအတိုင်း တည်ရှိနေတဲ့ သစ်တောကြီးတွေကို ထာဝစဉ်တည်တံ့စေဖို့ ထိန်းသိမ်းစောင့်ရှောက် ကြရမှာဖြစ်တဲ့အပြင် သစ်တော စိုက်ခင်းတွေ တည်ထောင်ခြင်းနဲ့ လမ်းဘေးဝဲယာနဲ့ အများပိုင်နေရာတွေ၊ စာသင်ကျောင်းတွေ၊ ရုံးတွေမှာ သစ်ပင်တွေကို အင်တိုက်အားတိုက် နှစ်စဉ်စိုက်ပျိုးကြရပါမယ်။

 

ဒါကြောင့် လေထုညစ်ညမ်းမှု လျှော့ချဖို့အတွက်ဆိုရင် ကျွန်ုပ်တို့လူသားတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ စွမ်းအင်ကို ချွေတာသုံးစွဲခြင်း၊ ရုပ်ကြွင်းလောင်စာသုံးစွဲမှုတွေကို တတ်နိုင်သမျှ လျှော့ချသုံးစွဲခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်တွေ ရယူသုံးစွဲခြင်း၊ အမှိုက်တွေ မီးရှို့ခြင်းကို ရှောင်ကြဉ်ခြင်း၊ Reduce, Reuse, Recycle ဆိုတဲ့ (3Rs) စနစ်ကို လိုက်နာ ကျင့်သုံးခြင်းနဲ့ သစ်ပင်တွေပြုစုစိုက်ပျိုးခြင်း စတာတွေကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်သွား ကြရမှာ ဖြစ်ပါတယ်။

 

အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့

 

ယနေ့လူသားတွေရဲ့ တီထွင်ကြံဆ ဆောင်ရွက် ချက်တွေကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုရဲ့ နောက်ကွယ်မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်စေလျက်ရှိပြီး ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုနဲ့လည်း တိုက်ရိုက်ချိတ်ဆက်နေတာကြောင့် လေထု ညစ်ညမ်းမှုကို လျှော့ချနိုင်မှသာလျှင် သန့်ရှင်းသော ပတ်ဝန်းကျင်နဲ့  ကောင်းမွန်တဲ့ ဂေဟစနစ်ကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှာကျင်းပပြုလုပ်ခဲ့တဲ့ (၇၄) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် စက်တင်ဘာ ၇ ရက်ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အဖြစ် သတ်မှတ် ခဲ့ကြတာဖြစ်ပါတယ်။ အလွှာအသီးသီးက ကမ္ဘာ့ပြည်သူတွေအားလုံးဟာ အရေးပေါ်လိုအပ် လာပြီဖြစ်တဲ့ လေထုညစ်ညမ်းမှု လျှော့ချရေးအကြောင်းကို ပိုမိုအလေးထား သိရှိလာစေဖို့နဲ့ လေထု အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းတွေ ပံ့ပိုးမြှင့်တင်ပေးနိုင်ကြဖို့ ရည်ရွယ်သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံအနေနဲ့ လည်း လေထုညစ်ညမ်းမှုအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ အခြားသော ကမ္ဘာ့နိုင်ငံတွေနည်းတူ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ လိုက်ပါဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။

 

လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြပါစို့

 

စက်မှုလုပ်ငန်းတွေအပါအဝင် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြတဲ့အခါ လေထုညစ်ညမ်းမှုပြဿနာတွေ မဖြစ်ပေါ်စေဖို့အတွက် အထူးအလေးထား ကြိုတင်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ လူသားနဲ့သက်ရှိအားလုံးအတွက် အသက်ရှူတိုင်း စက္ကန့်နဲ့အမျှ အလွန်အရေးကြီးလှတဲ့ ဝန်းကျင်လေထု အရည်အသွေး ကောင်းမွန်သန့်ရှင်းရေးကို အစိုးရ ဌာနတွေ၊ စက်မှုဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေအပါအဝင် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ လက်တွဲညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းတင်ပြရင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ကျရောက်မည့် ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။