ဝါနှင့် ချည်ထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် မိတ္ထီလာမြို့နယ် ရေချိုးကျေးရွာမှ ဝါစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံ

မိတ္ထီလာ ၂၄  သြဂုတ် 


နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုငယ်သည် ဝါနှင့် ချည်ထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သြဂုတ် ၂၄ ရက် နံနက် ၉ နာရီခွဲက မိတ္ထီလာမြို့နယ် ရေချိုးကျေးရွာမှ မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဧက ၅၀ စိုက်ပျိုးရေးဇုန်မှ တောင်သူများနှင့် ရေချိုနည်းပညာ ပြန့်ပွားရေးစင်တာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


ထိုသို့တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုငယ်က နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှ စိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်များဖြစ်သည့် ဝါမျိုးစေ့ အခက်အခဲမရှိစေရေး၊ ထွက်ရှိလာသည့်ဝါများ အရည်အသွေး ပြည့်ဝသည့် ဝါများထွက်ရှိရေး၊ လုပ်သားရှားပါးမှု အခြေအနေများ၊ ပိုးမွှားကာကွယ်ဆေးများနှင့် သဘာဝမြေသြဇာသုံးစွဲမှု အခြေခအနေများ၊ စိုက်ပျိုးစရိတ်ဖြစ်သည့် အရင်းအနှီးအခက်အခဲများ မရှိစေရေး၊ စိုက်ပျိုးရေးနည်းစနစ်များ စသည့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ရာ  တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တောင်သူများက ၎င်းတို့ တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြကြပြီး အတွင်းရေးမှူးမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆွေးခဲ့သည်။ 


ထို့နောက် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ရေချိုကျေးရွာ မိုးနှောင်းချည်မျှင်ဝါ အထူးဇုန် ဧက (၅၀) သို့ သွားရောက်၍ ကြည့်ရှုခဲ့ရာ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးသိန်းနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမောင်မောင်ငြိမ်းတို့က မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုငယ်နှင့် တာဝန်ရှိသူများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးသိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများ၊ ရေချိုကျေးရွာနှင့် သပြေပင်ကျေးရွာများမှ ဝါစိုက်ပျိုးရေးတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

 

1