နေပြည်တော် အောက်တိုဘာ ၂၇
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဝန်ပြန်ကျေးရွာရှိ ဝါးဘမ်ဘူးကုန်ထုတ်သမဝါယမအသင်းမှ ဝါးနှင့် မျှစ်ကုန်ကြမ်းကို အဆင့်မြင့်ထုတ်လုပ် ရောင်းချခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေပိုမိုရရှိလျက် ရှိကြောင်း သိရသည်။
အဆိုပါအသင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အသင်းဝင် ၄၃ ဦးဖြင့် သဘာဝပတ်ဝန်းကျင်အတွက် အထောက်ကူပြုရေး၊ ကျေးလက်နေပြည်သူများ နေ့စဉ်ဝင်ငွေရရှိရေးနှင့် ဆင်းရဲမွဲတေမှု လျော့ပါးစေရေး ရည်ရွယ်ချက်များဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အသင်းဝင်စုစုပေါင်း ၁၀၀ ခန့်ဖြင့် ဝါး လက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ “ရိုးရိုးနှီးခြင်းတစ်ခုကို ရက်လုပ်မယ်ဆိုရင် ဝါးနှစ်ဆစ်ကုန်မယ် ဈေးနှုန်းက ၆၀၀ ကျပ်ဝန်းကျင်ပဲ ရောင်းရပါတယ်၊ ဝါးတစ်ဆစ်ကို အဆင့်မြင့် တစ်ရှူးဘောက်နဲ့ မီးအိမ် ထုတ်လုပ်ရောင်းချမယ်ဆိုရင် ၅၀၀၀ ကျပ်ကနေစပြီး ၁၅၀၀၀ ကျပ် ဝန်းကျင်ထိ ရောင်းရပြီး ကုန်ကြမ်းအတွက် ကုန်ကျစရိတ်သက်သာသလို ဝါးတောပြုန်းတီးမှုကိုလည်း ကာကွယ်နိုင်ပါတယ်၊ ဒါ့အပြင် မျှစ်ကိုလည်း ရိုးရိုးမျှစ်ချဉ်မဟုတ်ဘဲ အဆင့်မြင့်အသင့်စားမျှစ်ပြုတ်၊ မျှစ်ခြောက်၊ မျှစ်အငံစတဲ့ မျှစ်နဲ့ပတ်သက်တာတွေကိုလည်း စတင်စမ်းသပ်ထုတ်လုပ်နေပါတယ်၊ ဝါးလက်မှုအနေနဲ့ အဆောက်အအုံတွေကို ဆောက်လုပ်ရောင်းချနေတဲ့အပြင် သင်တန်းတွေလည်း ဖွင့်လှစ်သင်ကြားပေးပါတယ်၊ နှစ်ရှည်သင်တန်းတက်ရောက်တဲ့ သူတွေကိုတော့ တစ်ပတ်လောက် ကနေစပြီး လုပ်အားခပေးပါတယ်၊ ဒီမှာသင်တန်းတက်ရင်း သူတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေ ဈေးကွက်ကို ရောင်းချပြီး အရင်းအနှီးပါ စုဆောင်းသွားလို့ရပါတယ်” ဟု အသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပြသည်။
ဇေယျာသီရိမြို့နယ်၊ ဝါးဘမ်ဘူးကုန်ထုတ်သမဝါယမအသင်းမှ ဝါးမျိုးပွားနည်း၊ ဝါးစိုက်ပျိုးနည်း၊ သဘာဝဝါး တောထိန်းသိမ်းနည်း၊ မျှစ်ထုတ်ယူနည်း၊ မျှစ်ကိုတာရှည်ခံ အောင်ပြုလုပ်၍ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နည်း၊ ဝါးကိုတာရှည်ခံအောင်ပြုလုပ်နည်း၊ ဝါးခုတ်နည်း၊ ဝါးလက်မှု၊ နှီးလက်မှု၊ ဝါးပရိဘောဂ၊ အဆောက်အအုံ၊ ဝါးနားနေဆောင်ပြုလုပ်နည်း၊ ဝါးမီးသွေးထုတ်လုပ်နည်းနှင့် ဝါးပေါင်းခံရည် ထုတ်လုပ်နည်း သင်တန်းများကို သင်တန်းကျောင်းဖွင့်၍ စိတ်ပါဝင်စားသူများ နိုင်ငံအနှံ့ဖိတ်ခေါ်ကာ သင်ကြားပေးလျက်ရှိကြောင်းနှင့် ဝါးလုပ်ငန်းကို တစ်နိုင်ငံလုံး ကျယ်ပြန့်ထွန်းကားလာပြီး ပြည်တွင်း ဈေးကွက်မှ နိုင်ငံတကာဈေးကွက်အထိ ဖော်ဆောင်ကာ နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်လာစေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)