သတင်းဆောင်းပါး - မြင့်စိုး(နတလ)
ပြည်ထောင်စုဝန်ကြီး တက်ရောက်ဖွင့်လှစ်
ပြီးခဲ့သည့်ဇွန် ၃၀ ရက် နံနက်ပိုင်း၌ သင်တန်း ဖွင့်ပွဲအခမ်းအနားတစ်ခု တက်ရောက်လေ့လာ ခွင့်ရခဲ့သည်။ နေပြည်တော် ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု ဝန်ပြန်ကျေးရွာတွင် ဖွဲ့စည်းထားသော ဘမ်ဘူးဝါးကုန်ထုတ် သမဝါယမ အသင်း၏ ဝါးလက်မှုပညာသင်တန်းဖွင့်ပွဲ အခမ်းအနားဖြစ်သည်။ အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြော ကြားရာ၌ နေပြည်တော်နှင့် ပတ်ဝန်းကျင်ဒေသ များတွင် ဝါးများပေါများစွာ ပေါက်ရောက်နေကြောင်း၊ ဒေသခံများအနေဖြင့် ဝါးကို အကျိုးရှိရှိအသုံးချ တတ်ဖို့လိုကြောင်း၊ သစ်တောသစ်ပင်များ မပြုန်းတီး စေရေးအတွက် ဝါးအစားထိုး အသုံးပြုနိုင်သည့် နေရာများတွင် အသုံးပြုခြင်းဖြင့် ဒေသ၏ဂေဟ စနစ် မပျက်ယွင်းစေရေးကို အထောက်အကူပြုပါ ကြောင်း၊ ဝါးအခြေခံတန်ဖိုးမြှင့်ထုတ်ကုန် (Value Added) များ ထုတ်လုပ်၍ ဒေသခံပြည်သူများ ဝင်ငွေတိုးပွားစေမည့်အပြင် နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သည်အထိ အကျိုးရှိလာမည်ဖြစ်ကြောင်း၊ ဘမ်ဘူးဝါး ကုန်ထုတ်သမဝါယမအသင်းအနေဖြင့် အနယ်နယ်အရပ်ရပ်မှ ဝါးလက်မှုပညာ သင်ကြားလို သူများအား ဝါးပရိဘောဂသင်တန်း၊ ဝါးလက်မှု သင်တန်း၊ ဝါးအဆောက်အအုံသင်တန်း၊ ဝါးတာရှည်ခံ ဆေးစိမ်သင်တန်းစသည့် ပညာရပ် များကို သင်ကြားပို့ချပေးနေသည့်အပြင် မြန်မာ့ ရိုးရာမျှစ်အစားအစာများ၊ ဝါးပေါင်းခံရေမှ ထုတ်လုပ် သည့် လူသုံးကုန်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်း များအပါအဝင် အမယ်စုံသင်ကြားပေးနေသည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘမ်ဘူးဝါး ကုန်ထုတ်သမဝါယမအသင်းက ထုတ်လုပ်ထား သော လက်မှုအနုပညာပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ ဂုဏ်ပြုစကားများ ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ ဒေသခံပြည်သူများအနေဖြင့် သစ်အစား ဝါးမှဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက် ကြရန်၊ ဝါးအခြေခံလက်မှု အနုပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးကူညီ ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ အဆိုပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဝန်ပြန်ကျေးရွာ၌ သမဝါယမအသင်းဖွဲ့စည်းရေး၊ ရှေ့လုပ်ငန်းစဉ်များအောင်မြင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မြစ်ဝကျွန်းပေါ်သား ကျွန်တော်
မြစ်ဝကျွန်းပေါ်သား ကျွန်တော်ငယ်စဉ် ကတည်းက ကြိမ်တောဝါးတောမှာ ကြီးပြင်းလာ ရသကဲ့သို့ အလယ်တန်းကျောင်းသားဘဝမှာ နှီးရေပုံးရက်လုပ်ခြင်း၊ ကောက်စိုက်သမများ အသုံးပြုသည့် ပီလမရက်လုပ်ခြင်းလုပ်ငန်းများကို ကိုယ်တိုင်လုပ်ခဲ့ဖူးသည်။ အဖေက ကျောင်းဆရာ ဖြစ်သော်လည်း မြင်လိုက်သည်နှင့် အကုန်တတ်သော ကျောင်းဆရာဖြစ်နေပါသည်။ ကျွန်တော်တို့နေသော အိမ်ကို ကိုယ်တိုင်ဆောက်သည်။ အိမ်ရှေ့က ရေတွင်း (လက်တူးတွင်း) အတောင် ၄၀ ခန့်ကို ကိုယ်တိုင် တူးသည်။ ရွာဦးကျောင်းဆရာတော်ကြီး ပျံလွန် တော်မူသောအခါ အရိုးအိုးစေတီကို ပုံထုတ်၍ ပန်းရန် သမားများနှင့် ရွာထိပ်မှာတည်သည်။ ပတ္တလားနှင့် ဘင်ဂျိုတီးခြင်း၊ တယောထိုးခြင်းများ တတ်မြောက် သကဲ့သို့ ပန်းချီဆွဲခြင်းကိုလည်း တတ်ထားသေး၏။ ပီလမအဟောင်းကြီးတစ်ခု အိမ်သို့ယူလာပြီးလျှင် ကြိမ်အနားကွပ်များကို ဖြုတ်၍ အားလုံးခွာလိုက် သည်။ ဖင်ပြန်ခေါင်းပြန် အသေးစိတ်တိုင်းထွာ မှတ်သားပြီးသကာလ ကိုယ်တိုင်နှီးဖြာ၍ ရက်လုပ်ပါ သည်။ ပြီးလျှင်စလူနှင့် ဘိလပ်မြေအိတ်ခွန်ကိုထည့်၊ ကြိမ်အနားကွပ်ခြင်းများကို စိတ်တိုင်းမကျမချင်း တဒုတ်ဒုတ် တခွပ်ခွပ်နှင့် ထုရိုက်၍ လုပ်နေပါတော့ သည်။ ပုံကျပန်းကျဖြစ်ပြီ၊ ရပြီဆိုသည်နှင့် ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများကို ကိုယ်စီ တာဝန်ခွဲဝေသင်ကြားပေးသည်။ အကြမ်းထည် ရက်လုပ်သူ၊ ခေါင်းချိုးသူ၊ ကြိမ်အနားကွပ်သူ စသည်ဖြင့်။ သည့်အတွက် ကျွန်တော်တို့အိမ်သည် နွေရာသီကျောင်းပိတ်ရက်ကာလ တစ်လျှောက်လုံး နှီးထွေး၊ ဝါးထွေးများကြားမှာ ကြိမ်နံ့ဝါးနံ့များ သင်းနေသော အလုပ်ရုံလေးတစ်ခုပမာ။ ပီလမ ကဲ့သို့ပင် ဝါးနှီးရေပုံးလုပ်ငန်းကိုလည်း တတ်အောင် သင်ကြားပေးသေးသည်။ ထိုအချိန်က နေရာဒေသ တော်တော်များများမှာ စက်ရေတွင်းဆိုတာ မမြင်ဖူးခဲ့။ မိရိုးဖလာ လက်တူးတွင်းများကိုသာ အုတ်စီ၍တစ်မျိုး၊ ကွန်ကရစ်လောင်းပြီး ခွေချ၍ တစ်ဖုံပြုလုပ်ထားခြင်းဖြစ်ရာ ရေပုံးများကို လျှော်ကြိုးများတပ်၍ ငင်ရပါသည်။ ပလတ်စတစ် ကြိုး၊ ပလတ်စတစ်ရေပုံးများ မပေါ်သေးပါ။ နှီးရေပုံး ရက်လုပ်ရာတွင်လည်း အကြမ်းထည်ရက်သူ၊ အနား ကွပ်၍ကိုင်းထိုးသူ၊ အင်တွဲသုတ်သူ စသည်ဖြင့် ကိုယ့်တာဝန်နှင့်ကိုယ်ပင်။ နွေရာသီကျောင်းပိတ်ရက် ကာလကို အကျိုးရှိရှိ အသုံးချနိုင်သည့်အပြင် မိသားစု ဝင်ငွေရလုပ်ငန်းတစ်ခုဖြစ်၍ ကျွန်တော်တို့ပျော်ခဲ့ ဖူးသည်။ ယနေ့ခေတ် ဝါးအခြေခံလက်မှုအနုပညာ ရှင်များကမူ ခေတ်မီဆန်းသစ်သော အတွေးအခေါ် ဒီဇိုင်းများနှင့် နိုင်ငံခြားဝင်ငွေရရှိသည်အထိ တီထွင်ဖန်တီးလုပ်ကိုင်နေကြပေပြီ။ များစွာဂုဏ်ယူ ဝမ်းသာ ဖြစ်ရပါသည်။
အမှတ်ရမိသော ကြိမ်/ ဝါးသင်တန်းတစ်ခု
လွန်ခဲ့သည့် ၁၆ နှစ်တာကာလက နယ်စပ်/ စည်ပင်ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သော ကြိမ်/ဝါးသင်တန်းတစ်ခုကို ကျွန်တော်အမှတ်ရမိနေသည်။ တပ်မတော်အစိုးရ လက်ထက်နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် အရ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယင်းသင်တန်းကျောင်း ၌ ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက် ဖွင့်လှစ်ခဲ့သော စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် ၂၇၊ အဆင့်မြင့် အိမ်တွင်းမှုသင်တန်းအမှတ်စဉ် ၁၄၊ ယဉ်ကျေးမှု နည်းပြများ မွမ်းမံသင်တန်းအမှတ်စဉ် ၃၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် ၄၆၊ ၄၇ တို့နှင့်အတူ အိမ်တွင်းလက်မှုလုပ်ငန်း (ကြိမ်/ဝါး) သင်တန်းအမှတ်စဉ် ၁ ကိုပါတစ်ပြိုင်တည်း ဖွင့်လှစ် ခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းဝင်း (ဗိုလ်မှူးကြီး သန်းဝင်း-ငြိမ်း) တက် ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အိမ်တွင်းလက်မှု လုပ်ငန်း (ကြိမ်/ဝါး) သင်တန်းအမှတ်စဉ် ၁ တွင် သင်တန်းသူ ၃၄ ဦး တက်ရောက်ခဲ့ကြရာ အားလုံး သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းများမှ နည်းပြများဖြစ်ကြပြီး သက်ဆိုင်ရာကျောင်းအသီးသီးတွင် ဆင့်ပွား သင်တန်းပြန်လည်ပို့ချနိုင်ရန် တက်ရောက်သင်ယူ ကြခြင်းဖြစ်၏။ သင်တန်းနည်းပြများကလည်း ကျွန်တော်တို့ ဧရာဝတီတိုင်းသားများဖြစ်ကြသည်။ ရေကြည်၊ ငါးသိုင်းချောင်းဒေသများမှ လာရောက် သင်ကြားပို့ချပေးခြင်းဖြစ်ပါသည်။ ကြိမ်နန်းဆွဲခြင်း၊ နှီးဖြာခြင်းစသော အခြေခံအတတ်ပညာများမှအစ လက်ရာမြောက် လက်မှုအသုံးအဆောင်ပစ္စည်းများ ဖန်တီးလုပ်ဆောင်နိုင်သည်အထိ သင်ကြား တတ်မြောက်ခဲ့ကြသည်။
ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်း
ကျွန်တော်တို့မိတ်ဆွေ ဦးတိုင်းကျော်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေပါသည်။ ဘမ်ဘူးဝါးကုန်ထုတ် သမဝါယမအသင်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်၌ နေပြည်တော် ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု ဝန်ပြန်ကျေးရွာတွင် အမှုဆောင်ခုနစ်ဦး၊ အသင်းသား ၄၃ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ အသင်း၏ ရည်ရွယ်ချက်များမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရန်၊ ဝါးအခြေခံလုပ်ငန်းများမှ နေ့စဉ်ဝင်ငွေရရှိစေ ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရန်၊ ဒေသဝါးထုတ်ကုန်ကို အခြေခံကာ အဆင့်မြှင့် ထုတ်ကုန်အဖြစ် တစ်ဆင့်ချင်း အကောင်အထည် ဖော်သွားရန်၊ ဝါးမှနိုင်ငံခြားဝင်ငွေရရှိနိုင်သော အဓိကလုပ်ငန်းတစ်ခု ဖြစ်လာစေရန်ဟူ၍ ဖြစ်ပါ သည်။ အထက်ပါရည်ရွယ်ချက်များကို အကောင် အထည်ဖော်ရာတွင် ဒေသခံပြည်သူများအနေဖြင့် ဝါး၏တန်ဖိုးကို နားလည်လက်ခံအောင် စည်းရုံး ဟောပြောခြင်း၊ ဝါးတောများမပြုန်းတီးစေရေး အတွက် စနစ်ကျသော ဝါးခုတ်နည်းသင်တန်းပေး ခြင်း၊ ဝါးတန်ဖိုးမြှင့် ထုတ်ကုန်သင်တန်းများပေးခြင်း၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ဝါးလုပ်ငန်းတိုးတက်ရေးဆောင်ရွက်ခြင်း၊ လေလွင့် ဝါးအမှိုက်များမှ ဝါးမီးသွေးနှင့် ဝါးပေါင်းခံရည် ထုတ်လုပ်နည်း သင်တန်းများပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍လည်း မြန်မာ့ရိုးရာ မျှစ်အစားအစာကို နိုင်ငံတကာ ဈေးကွက်ဝင်သည်အထိ ပြုပြင်မွမ်းမံထုတ်လုပ်ရန်၊ ဈေးကွက်ဝင်ဝါးပင်များ အစားထိုးစိုက်ပျိုးရန်၊ ဝါး အခြေခံ နိုင်ငံတကာအဆင့်မီ ကုန်ချောပစ္စည်းများ ထုတ်လုပ်သွားရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါ သည်။
အောင်မြင်ပါစေ ဘမ်ဘူး
ဘမ်ဘူးဝါးကုန်ထုတ် သမဝါယမအသင်းက ပထမအကြိမ်ဖွင့်လှစ်ခဲ့သော ယခုသင်တန်းသို့ အနယ်နယ်အရပ်ရပ်မှ သင်တန်းသား သင်တန်းသူ ၃၂ ဦး တက်ရောက်လျက်ရှိသည်။ နေထိုင် စားသောက်ရေးဆိုင်ရာ အုပ်ချုပ်မှုကိစ္စများကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားသည်။ ဒီဇိုင်း ရေးဆွဲနည်း၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ ပရိဘောဂပြုလုပ်ခြင်း၊ လူသုံးကုန်ပစ္စည်းများ ပြုလုပ်ခြင်းသာမက စာရင်းကိုင်ပညာရပ်များကိုပါ သင်ကြားပို့ချပေးလျက်ရှိသည်။ သင်တန်းသားများ သည် နောင်တစ်ချိန်တွင် ထုတ်လုပ်သူများ ဖြစ်လာ ပါလိမ့်မည်။ မိမိနှင့် မိမိဒေသ အကျိုးစီးပွားအတွက် သာမက နိုင်ငံတော်၏ မျှော်မှန်းချက်များကိုပါ အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် လူငယ် လူရွယ်များ ဖြစ်လာပါလိမ့်မည်။ သည့်အတွက် လည်း ဂုဏ်ယူဝမ်းမြောက်စွာ အားပေးနေပါသည်။ အောင်မြင်ပါစေဘမ်ဘူး…။ ။