ဝံသာနုရက္ခိတတရားဆိုသည်မှာ “မိမိနိုင်ငံနှင့် လူမျိုးကို အစဉ်စောင့်ရှောက်ခြင်း”ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဝံသာနုရက္ခိတစိတ်ဓာတ်ဖြင့် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းဆောင်ခဲ့သော သမိုင်းအစဉ်အလာ ကောင်းများရှိ၏။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက အဆိုပါစိတ်ဓာတ်ဖြင့် ကြိုးပမ်းခဲ့သလို လွတ်လပ်ရေးရပြီးနောက်တွင်လည်း နိုင်ငံနှင့် လူမျိုးအကျိုးအတွက် အဆိုပါ စိတ်ဓာတ်ဖြင့်ပင် စောင့်ရှောက်ပေးလျက်ရှိသည်။
ထို့အပြင် မြန်မာတို့၏ ပင်ကိုစိတ်ရင်းတွင် နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသော စိတ်ဓာတ်ဖြင့် ကျရောက်နိုင်မည့် ဘေးအန္တရာယ်များနှင့် ဒုက္ခအခက်အခဲများကို ကာကွယ်ပေးလိုသည့် စိတ်ဓာတ်များ အပြည့်ရှိကြသည်။ ကိုယ်ချင်းစာနာစိတ်ထားနှင့် အချင်းချင်းရိုင်းပင်းကူညီလိုသော မေတ္တာတရားများသည် မြန်မာလူမျိုးများတွင် ဖြစ်ပေါ်လေ့ရှိသော ဝံသာနုရက္ခိတတရားဖြစ်သည်။ အရေးကြီးလျှင် သွေးစည်း၊ အရေးကြုံလျှင် သွေးဆုံကြသည့် စိတ်ထားများမှာ ဝံသာနုရက္ခိတ တရားအပေါ်တွင် အခြေခံသည်။ ဤစိတ်ဓာတ်များဖြင့်ပင် အခက်အခဲများကို ကျော်ဖြတ်လာခဲ့ကြသည်။
လက်ရှိကာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြုံတွေ့ခံစားနေကြရသော ရေကြီးရေလျှံ သဘာဝဘေး အန္တရာယ်ကျရောက်မှုအပေါ်တွင် တစ်မျိုးသားလုံးအမျိုးသားရေးစိတ်ဓာတ် အားမာန်များဖြင့် ဆောင်ရွက်ကြသည်ကို တွေ့ရသည်။ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုရှိ မြို့နယ် ၅၄ မြို့နယ် တွင် ဒေသခံပြည်သူ ၁၄၈၆၄၃ ဦး ဘေးဒုက္ခရောက်ကြရပြီး ပြည်သူ ၃၈၄ ဦး သေဆုံးခဲ့သည်။ ပျောက်ဆုံးနေသူ ၈၉ ဦးရှိပြီး ကျွဲ၊ နွားနှင့်အခြားတိရစ္ဆာန်ကောင်ရေ ၁၄၄၉၉၈ ကောင် သေဆုံးခဲ့သည်။ နေအိမ်အဆောက်အအုံစုစုပေါင်း ၁၄၁၆၂၇ လုံး ပျက်စီးခဲ့ပြီး အခြားအခြေခံအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။
သဘာဝဘေးအန္တရာယ်ကို ကြိုတင်အသိပေးခဲ့သော်လည်း ပုံမှန်ဖြစ်စဉ်မျှသာ ထင်မှတ်မိပြီး ညပိုင်းအချိန် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရုတ်တရက်တောင်ကျရေ၊ မြစ်ရေ၊ ချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းမှုကြောင့် ဒေသခံပြည်သူများ ရှောင်ရှားချိန်မရဘဲ အဖြစ်ဆိုးများနှင့်ကြုံခဲ့ရသည်။ အချို့ဒေသခံ ပြည်သူများမှာ အရှိန်ပြင်းထန်သည့် ရေစီးကြောင်းတွင် မျောပါသေဆုံးခဲ့ရပြီး အသက်ရှင်ကျန်ရစ်သော ဒေသခံပြည်သူများမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် အသက်ရှင်သန်နိုင်အောင် ရုန်းကန်ကြိုးစားခဲ့ရသည်။ အဆိုပါဒေသများတွင် နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း မကြုံဖူးအောင် ဆိုးရွားပြင်းထန်သည့် သဘာဝဘေးအန္တရာယ် ဟုဆိုကြသည်။
သဘာဝဘေးအန္တရာယ် ကြုံတွေ့ကြရသူများအား တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းပြည်သူများက သက်စွန့်ဆံဖျား ကူညီကယ်ဆယ်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရက ရေဘေးသင့်ပြည်သူများကို အရေပေါ်တုံ့ပြန် အလျင်အမြန်ကူညီကယ်တင်ခဲ့သည်။ နိုင်ငံတစ်ဝန်းမှ စေတနာရှင်ပြည်သူများက ရေဘေးသင့်ဒေသအသီးသီးသို့ ချက်ချင်းလာရောက်ကြပြီး စားသောက်ဖွယ်ရာများနှင့် အထောက်အပံ့ပစ္စည်းများ ဖြည့်ဆည်းပေးခဲ့ကြသည်။ အလှူငွေများ ပေးပို့လှူဒါန်းကြသည်။ ယင်းတို့သည် မြန်မာတို့၏ အစဉ်အလာမပျက်သော ဝံသာနုရက္ခိတတရားများဖြစ်သည်။
သဘာဝဘေးဒဏ် သင့်ကြသူများအတွက် အဓိကလိုအပ်ချက်မှာ ကူညီစောင့်ရှောက်မှုများနှင့် မူလအခြေအနေမပျက် ပြန်လည်တည်ဆောက်ပေးရေးဖြစ်သည်။ ထိုအရေးကို အလျင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေ၊ အလှူငွေရရှိရေးသည် အရေးအကြီးဆုံးဖြစ်သည်။ စက်တင်ဘာလ ၂၁ ရက်နေ့က ရေဘေးဒဏ်ခံခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို နေပြည်တော် မြို့တော်ခန်းမ၌ လှူဒါန်းပေးအပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အလှူငွေများ လှူဒါန်းမှုနှင့်ပတ်သက်၍ “စုပေါင်းအားဖြင့် ကျော်လွှားရမှာ ဖြစ်ကြောင်း၊ လှူဒါန်းသည့် ၃၁ ဘီလီယံကျော်သည် နည်းသည့်ပိုက်ဆံမဟုတ်ကြောင်း၊ ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့လှူဒါန်းမှုသည် နိုင်ငံ၏ဝန်တစ်ခုကို တစ်စိတ်တစ်ပိုင်း တာဝန်ယူပေးလိုက်ခြင်းဖြစ်ကြောင်း၊ သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းကြသည့် အလှူရှင်များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးကို ထပ်လောင်း ကျေးဇူးတင်ကြောင်း၊ နောင်တွင်လည်း တိုင်းပြည်၏ လိုအပ်ချက်များရှိလာသည့် အခါတွင်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံနှင့်လူမျိုး ကြုံတွေ့ကြရသည့် စိန်ခေါ်မှုအမျိုးမျိုး၊ အခက်အခဲ အမျိုးမျိုးတို့မှ လွန်မြောက်ရေး၊ တိုင်းပြည်အကျိုးကို ရှေးရှုဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် အောင်မြင်ရေးအတွက် နိုင်ငံသူ နိုင်ငံသားများ ဝံသာနုရက္ခိတ တရားများမွေးမြူပြီး နိုင်ငံတော်အစိုးရနှင့်အတူလက်တွဲ၍ စုပေါင်းအားဖြင့် ကျော်ဖြတ်ကြရမည်ဖြစ်ပါကြောင်း။
ကြေးမုံ