ဝန်းသို ၂၇ နိုဝင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီး ဌာနနှင့်စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူး သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကသာခရိုင်၊ ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဒေါင်းမြူးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့်ဒေါ်ခိုင်ခိုင်ဝင်းတို့က အမှာစကား ပြောကြားပြီး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှုး ဦးခင်ထွန်းက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား/ သင်တန်းသူ ၃၄ ဦး တက်ရောက် သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများအား စစ်မှန်သော ဆေးဝါးကုသခြင်းနှင့် ပြန်လည်ထူထောင်မှု ပြုလုပ်ပေးနိုင်ရန် နည်းလမ်း များ၊ မူးယစ် ဆေးဝါး သုံးစွဲသူများအား Cocmseling ပြုလုပ်ပေးနိုင်မည့်နည်းလမ်းများ၊ မူးယစ်ဆေးဝါး ဥပဒေ၊ နည်းဉပဒေ၊ ကျန်းမာရေးဆိုင်ရာများ စသည့်ဘာသာရပ်များကို သင်တန်းနည်းပြဆရာများက ၅ ရက် ကြာသင်ကြားပို့ချသွားဖြစ် ကြောင်း သိရသည်။
ထို့အတူ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာ၌ ဖွင့်လှစ်လျက်ရှိသော ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းတွင် သင်တန်းသားများ ပြန်လည်ထူထောင်မှု ခံယူနေစဉ် ကာလအတွင်း အသက်မွေးဝမ်းကြောင်းသင်တန်းအဖြစ် တစ်လုံးထိုးနှင့် လေးလုံးထိုး အင်ဂျင်စက်ပြင် သင်တန်း၊ ဆိုင်ကယ်ပြုပြင်ရေး သင်တန်းတို့ကိုလည်း သင်တန်းသား ၂၂ ဦးဖြင့် နိုဝင်ဘာ ၁၀ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


