ဝန်းသို ၂၃ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျောက်ပေါက်ခုံအုပ်စု၊ အလယ်ခုံကျေးရွာတွင် ကျေးလက် နေပြည်သူများ နွေရာသီသောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် ကျေးလက်ဒေသ ရေရရှိရေး လုပ်ငန်းတစ်ခုဖြစ်သည့် (၄ လက်မ) စက်ရေတွင်း တူးဖော်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၃.၈၅ သန်းဖြင့် တင်ဒါ အောင်မြင်သော ဆန်းခေတ်သစ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ၄ လက်မ ပေ ၄၀ဝ ရှိ စက်ရေတွင်း တစ်တွင်း ၊ ဂါလန် ၂၀ဝ၀ ဆံ့ ရေစုကန်တစ်ခု၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေ ရှိ ရေစက်ရုံတစ်ခုတို့ကို တည်ဆောက်သွားမည် ဖြစ်သည်။
ယခုအခါ ရေရရှိရေးလုပ်ငန်းအားလုံး၏ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်၍ လုပ်ငန်းအားလုံးပြီးဆုံးပါ က အိမ်ခြေ ၂၃ အိမ်၊ လူဦးရေ ၁၁၀ အတွက် သောက်သုံးရေ ဖူလုံစွာရရှိတော့မည်ဖြစ်သည်။
ဝန်းသိုမြို့နယ်တွင် ၂၀၁၉ -၂၀၂၀ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် ရေရရှိရေး လုပ်ငန်း ၆ ခု တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် ရေရရှိရေးလုပ်ငန်း ၃ ခု ပြည်ထောင်စု (မွမ်းမံ) ရန်ပုံငွေဖြင့် လုပ်ငန်း ၁ ခု စုစုပေါင်း ရေရရှိရေးလုပ်ငန်း ၁၀ ခုကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


