ဝန်းသို ၂၆  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဆေးခင်းခုံကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ရွာတွင်းလမ်းဂျင်းမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ယင်းရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်း ငွေကျပ်သိန်း ၁၀၀ နှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ ဦးစီးဆောင်ရွက်မှုဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး လမ်းအရှည်ပေ ၄၄၀၀ ကျော်၊ အကျယ် ၁၅ ပေ၊ ထု ၆ လက် မရှိကြောင်း  သိရသည်။

 

"ကျွန်တော်တို့ရွာလမ်းက လက်ရှိမှာ ကျောက်ကြမ်းလောက်ပဲ ခင်းထားသေးတာ၊ သွားလာရတာ မချောမွေ့ဘူး၊ အဲဒါကြောင့် အခုလောလောဆယ်ဂျင်းခင်းမယ်၊ ပြီးရင်အပါ်က ကျောက်မုန့်ထပ်ခင်းမယ်၊ အဲဒါဆို တော်တော်လေး လမ်းကချောသွားပါပြီ၊ နောက်နှစ်တွေဆိုရင် ကွန်ကရစ်လမ်းခင်းနိုင်ဖို့ ဆက်လက် ကြိုးစားသွားမှာပါ “ဟု ကျေးရွာရပ်မိရပ်ဖ  ဦးအောင်ထွန်းနိုင်က ပြောသည်။

 

ဆေးခင်းခုံကျေးရွာတွင် အိမ်ခြေ ၉၄ အိမ်၊ လူဦးရေ ၄၉၆ ဦးရှိပြီး အဆိုပါလမ်းပြီးစီးသွားပါက ကျေးရွာပြည်သူများ ဘုရားသွား၊ ကျောင်းတက်သွားလာဖို့အပြင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အဆင်ပြေချောမွေ့စွာ သွားလာနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)