ဝန်းသို ဇူလိုင် ၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အောင်မြင်ပြီးစီးခြင်း အထိမ်းအမှတ် ကျေးရွာအဆင့် ခေါင်းဆောင်မှုပညာနှင့် ကျေးရွာလူထု အခြေပြု စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ဆည်ကြီး (ရွာသစ်) ကျေးရွာ ရွာလည်ကွန်ကရစ်လမ်းမပေါ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကြောင်း၊ ကျေးရွာအဆင့် ခေါင်းဆောင်မှုပညာ၊ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်၏ လုပ်ငန်းစဉ်များနှင့် စွန့်ပစ်အမှိုက်စီမံ ခန့်ခွဲမှုစနစ် အကြောင်းတို့ကိုလည်းကောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ (GAP) စိုက်နည်းစနစ်၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် တောင်သူများ အဟာရပြည့်ဝသော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကို ကျေးရွာပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

 

အဆိုပါကျေးရွာတွင်းလမ်း အရှည်ပေ ၁၂၅၀ ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၃.၇ သိန်း၊ လုပ်အားထည့်ဝင်ငွေကျပ် ၃၄.၆ သိန်း စုစုပေါင်းကုန်ကျငွေကျပ် ၁၃၈.၃ သိန်းဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် စီမံခန့်ခွဲဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)

 

mdn