ဝန်းသို  ၃  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျောက်ပါးစပ်ကျေးရွာတွင် NEP အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း Solar Minigrid ဖြင့် ကျေးရွာအိမ်ခြေပေါင်း ၂၁၀ ကျော် မီးရရှိသုံးစွဲလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှုး ဦးမြတ်မျိုး ထွန်းထံမှ  သိရသည်။

 

“ကျွန်တော်တို့ ဒီမှာဆောက်လုပ်တဲ့ စက်ရုံအရွယ်အစားကတော့ ၁၄၂.၀၈ ကီလိုဝပ်ရှိပါတယ်၊ ထုတ်လုပ်နိုင်တဲ့အားတွေကိုတော့ ကုမ္ပဏီကထည့်ဝင်တဲ့၂၀ရာခိုင်နှုန်းမှာ မီတာဘေလ် ပြန်ရောင်းချ ပီးတော့ ကောက်ခံပါတယ်၊ မီတာဘေရောင်းချတဲ့စနစ်မှာတော့ ကြိုတင်ငွေဖြည့်တဲ့ ပုံစံနှုန်းနဲ့ အသုံးပြုထားပါတယ်၊ ကြိုတင်ငွေဖြည့်နှုန်းဆိုတာကတော့ သုံးစွဲသူကနေ မီတာဘေလ်ကြိုတင်ပြီးတော့ စက်ရုံကိုလာဝယ်ရပါတယ်၊ ဖုန်းငွေဖြည့်ကဒ်ဝယ်ပြီး ဖုန်းသုံးသလိုဖြစ်ပါတယ်၊ သုံးစွဲသူက လာဝယ်ပြီးတော့ မိမိရဲ့မီတာထဲမှာ ဂဏန်း ရိုက်ထည့်ပီးတော့ ယူနစ်ကိုသုံးစွဲရခြင်းဖြစ်ပါတယ်၊ ယခု ကိုဗစ်-၁၉ရောဂါ ကာလမှာဆိုရင်တော့ မတ်လ ၂၅ ရက်နေ့မှ ယခု ၅ လပိုင်းကုန်တဲ့ထိကို ၁၀ ရာခိုင်နှုန်း လျှော့ချပြီးတော့ ကောက်ခံခဲ့ပါတယ် “ဟု Mango Energy co.Ltd မှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ထူးက ပြောသည်။

 

ကျောက်ပါးစပ်ကျေးရွာတွင် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် NEP အမျိုးသားလျှပ်စစ်ဓါတ်အားရရှိ ရေးစီမံကိန်း (မဟာဓါတ်အားလိုင်းပြင်ပစနစ်) Solar Minigrid ဖြင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၆၀ရာခိုင်နှုန်း၊ ရင်းနှီး မြုပ်နှံသူကုမ္ပဏီက ၂၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း အချိုးကျ ထည့်ဝင်ငွေဖြင့် Mango Energy co.Ltd မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ‌မတ်လမှစတင်၍ ကျေးရွာတွင်း မီးရရှိသုံးစွဲလျက်ရှိလျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)