ဝန်းသို၊ ၆ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျောက်ပါးစပ်ကျေးရွာတွင် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တွင်းတူးစက်ကြီးဖြင့် လေးလက်မ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့မှစတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဖြင့် စိမ့်စမ်းရေသွယ်လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ စိမ့်စမ်းရေအရင်းအမြစ်မှ ရေမရရှိနိုင်တော့သဖြင့် ယခုတဖန် စက်ရေတွင်းကို တူးဖော်ရခြင်းဖြစ်ကြောင်း၊ စက်ရေတွင်းတူးဖော်ရာတွင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်မှ ဦးဆောင်ကာ ကျေးရွာအလှူရှင်များ စုပေါင်း၍ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျေးရွာတာဝန်ခံ ဦးကျော်မင်းထံမှ သိရသည်။
ကျောက်းပါးစပ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့စဉ်က ဂါလန်(၁၀၀၀၀)ဆံ့ ရေလှောင်ကန်မှာ တည်ဆောက်ထားပြီးဖြစ်၍ ယခုစက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ အိမ်ခြေပေါင်း(၃၂၀)ကျော်တို့အတွက် အဆင်ပြေချောမွေ့စွာ သောက်သုံးရေရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်(ပြန်/ဆက်)


