ဝန်းသို ၅ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ကြိမ်ချောင်းအုပ်စု၊ ကြိမ်ချောင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီ ရွေးချယ်ပွဲနှင့် အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းက အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှုး ဒေါ်ခင်နွယ်ဦးက မြစိမ်းရောင် (အသားကဏ္ဍ)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကွာခြားပုံ၊ ကော်မတီဝင်များ၏ အရည်အချင်းနှင့် ရွေးချယ်ပုံ စနစ်များအကြောင်းကိုလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှမြို့နယ် ဦးစီးမှုး ဦးတင့်ဆွေက စိုက်ပျိုးရေး ဆိုင်ရာဗဟုသုတရရှိဖွယ် အကြောင်းအရာများကို လည်းကောင်း ပြောကြားပြီး စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါက်တာတင်လှိုင်ဝင်းက အခမ်းအနား ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် မြစိမ်းရောင်(အသားကဏ္ဍ)စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော မြစိမ်းရောင် (အသားကဏ္ဍ) စီမံကိန်းကော်မတီဝင် ၉ ဦးကို အများဆန္ဒနှင့်အညီ ဆန္ဒမဲပေး၍ ရွေးချယ်ပေးခဲ့သည်။
ကြိမ်ချောင်းကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကျပ် သိန်း ၂၅၀ ဖြင့် ဝက်မွေးမြူရေးနှင့် နွားမွေးမြူရေးစသည့် မွေးမြူရေးလုပ်ငန်းများကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)