ဝန်းသို ၁၃ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကင်းမြင်သာကျေးရွာ အရှေ့၌ရှိသော သောက်သုံးရေကန်အား ကျောက်စီရေထိန်းနံရံတည်ဆောက်ခြင်းနှင့် ရေကန်တူးဖော်ခြင်းလုပ်ငန်း အောင်မြင်ပြီးစီပြီဖြစ်၍ ကျေးလက်နေပြည်သူများအတွက် နွေ၊ မိုး၊ ဆောင်း သောက်သုံးရေ ဖူလုံစွာရရှိသည့်အပြင် လယ်ဧက ၄၀၀ ကျော်အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါရေကန်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဆန်းတင့်တယ်ကုမ္ပဏီမှ ခွင့်ပြု ငွေကျပ် ၉၃ ဒသမ ၂ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ကန်၏အတိုင်းအတာမှာ အလျားပေ ၇၀၀၊ အနံပေ ၄၅၀ ပတ်လည်ရှိကြောင်း သိရသည်။

 

ယခုခါတွင် အဆိုပါကန်သို့ အလည်အပတ်လာရောက်ကြသော ခရီးသွားပြည်သူများအနေဖြင့် ခေတ္တခဏ အပန်းဖြေရင်း ဗုဒ္ဓရုပ်ပွားတော်ကိုဖူးမြော်ပြီး ကုသိုလ်ပြုနိုင်ကြစေရန်ရည်ရွယ်၍ ရေကန်အတွင်း နဂါးရုံဘုရား တည်ထားပူဇော်ခြင်းနှင့် အရိပ်ရပင်များကိုလည်း စိုက်ပျိုးထားရှိကြောင်း  ကင်းမြင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးကုဏ္ဍလက မိန့်ကြားခဲ့သည်။

 

ကျော်မြိုင် (ပြန်/ဆက်)