ဝန်းသို ၂၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် တင်းဝါးချောင်းအုပ်စု လက်ပံကျင်းကျေးရွာတွင် ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ကျင်းပရာ စီမံကိန်းအသင်းဝင် ၉၃ ဦးအား ငွေကျပ် သိန်း ၅၀၀ ကို လက်ဝယ်အရောက် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေ ပြန်လည်ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် အသင်းဝင်တစ်ဦးအား ငွေကျပ် ၅ သိန်း၊ မွေးမြူရေးလုပ်ငန်းအတွက် အသင်းဝင် ၉၁ ဦးအား ငွေကျပ် ၄၈၉ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ရန် အသင်းဝင်တစ်ဦးအား ငွေကျပ် ၆ သိန်း စုစုပေါင်း အသင်းဝင် ၉၃ ဦးအား ငွေကျပ်သိန်း ၅၀၀ ကို ကိုဗစ်-၁၉ ရောဂါကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ရှိသူများက ထုတ်ချေးပေးခဲ့သည်။
အဆိုပါ စီမံကိန်းလည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး၊ ကောလင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်မြိုင်(ပြန်/ဆက်)


