ဝန်းသို၊ ၁၆  ဒီဇင်ဘာ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မြောက်ရွာကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် လျှပ်စစ်မီးလင်းရေး 11KV မီးလိုင်းသွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး တပ်ဆင်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာရှိ အိမ်ခြေ (၁၂၃)အိမ်၊ လူဦးရေ (၇၃၁)ဦးတို့အတွက် ၂၄နာရီ လျှပ်စစ်မီးအပြည့်အဝ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

" ယခင်က ရွာမကျေးရွာနဲ့ မြောက်ရွာကျေးရွာ နှစ်ရွာပေါင်းပြီးတော့ Transformer တစ်လုံးထဲနဲ့ လျှပ်စစ်မီးကို အသုံးပြုနေရပါတယ်၊ ဝန်အားနိုင်နင်းမှုနဲ့ ဓါတ်အားလုံလောက်စွာမရရှိဘူး။ အဲ့လိုအခက်အခဲ ဖြစ်နေတယ်၊ ဒါကြောင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေနဲ့ မတည်ပြီး ကျွန်တော်တို့ ရွာမကျေးရွာမှာ Transformer အသစ်တစ်လုံးတပ်ဆင်ပြီးတော့ 11KV လိုင်းအသစ် သွယ်တန်း ခြင်း လုပ်ငန်းဆောင်ရွက်ရ ခြင်းဖြစ်ပါတယ် " ဟု ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးရန်နိုင်က ပြောသည်။

အဆိုပါ လျှပ်စစ်မီးလင်းရေးလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေမှ ၅၀ရာခိုင်နှုန်း ငွေကျပ်သိန်း ၁၀၀နှင့် ပြည်သူထည့်ဝင်ငွေစုပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မီးလိုင်းသွယ်တန်းခြင်း လုပ်ငန်း ပြီးစီးမှုအခြေအနေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)