ဝန်းသို ၂ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စည်ပင်သာယာရေးကော်မတီ ကွပ်ကဲမှုအောက်ရှိ မြို့မဈေး အနောက်ဘက် ညဈေးတန်းတွင် ရောင်းချနေသော ဈေးသူဈေးသားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် Take Away (ပါဆယ်) စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၆ နာရီတွင် တာဝန်ရှိသူများက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူ များက ညဈေးတန်းတွင် ဈေးသည်ဈေးဝယ် မိဘပြည်သူများအနေဖြင့် Mask တပ်ဆင်ထားခြင်းရှိ/မရှိ၊ ဆိုင်ထိုင်စားသောက်ခြင်း ရှိ/မရှိ၊ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး နေ့စဉ်လူအများနှင့် ထိတွေ့ဆက်ဆံနေရသော ဈေးသည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များ၊ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့အတူ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ဆိုင်ထိုင်စားသောက်ခြင်း မဟုတ်ဘဲ ပါဆယ်စနစ်ဖြင့် စက်တင်ဘာ ၁၈ ရက်မှစတင်၍ ရောင်းချရန်ညွှန်ကြားထားရှိပြီး စည်းကမ်းချက်များနှင့်အညီ လိုက်နာ ရောင်းချခြင်း ရှိ/မရှိတို့ကို အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် တာဝန်ရှိသူများက လိုက်လံ စစ်ဆေးကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ဝန်းသိုမြို့နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာတစ်ဦး တစ်ယောက်မျှ မတွေ့ရှိသေးကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)