ဝန်းသို  ၉  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းများကို ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ  ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ အဆိုပါ ကျေးရွာအိမ်ခြေ (၇၈)အိမ်၊ လူဉီးရေ (၃၅၀) ကျော်တို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့တွင် များစွာအကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

''ကျနော်တို့ရွာရဲ့ ဖွံ့ဖြိုးရေးလိုအပ်ချက်တွေက လောလောဆယ် ရွာတွင်းလမ်းတွေကို ကွန်ကရစ် လမ်းခင်းဖို့၊ ရွာတွင်း မီးလိုင်းတွေလဲလှယ်ဖို့နဲ့ နွေရာသီသောက်သုံးရေရရှိဖို့ စတဲ့လုပ်ငန်းတွေရှိတယ်၊ သောက်သုံးရေ ရရှိဖို့အတွက်က အခုနှစ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနဲ့ ရွာတွင်းမီးတိုင်တွေ လဲလှယ်ဖို့ကိုတော့ ရွာရဲ့မြစိမ်းရောင် စီမံကိန်းအတိုးရငွေနဲ့ တစ်နှစ်ချင်းဖြေးဖြေးချင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု မြစိမ်ရောင်ကျေးရွာ စီမံကိန်း ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဇေလတ်က ပြောသည်။

 

အဆိုပါ ရွာတွင်းလမ်းအရှည် ပေ(၁၅၀၀)ကျော်၊ အကျယ် (၁၂)ပေ၊ အမြင့် (၆)လက်မထုရှိ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေမှ ခွင့်ပြုငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီ ဦးဆောင်၍ ကျေးရွာလူထုကိုယ်တိုင် စုပေါင်းကာ အောက်တိုဘာ ၉ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် အရှည်ပေ(၁၀၀၀)ခန့် ရွာတွင်လမ်းကိုလည်း နောင်နှစ်များတွင် စီမံကိန်းအတိုးရငွေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)