ဝန်းသို ၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း (၃၅) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ မန်ကျည်းကုန်းနှင့် တေဇကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေဖြင့် သစ္စာပန်းစိုက်ပျိုးသောတောင်သူများ မိသားစုအပိုဝင်ငွေရရှိလာကြ ကြောင်းသိရသည်။
သစ္စာပန်းစိုက်တောင်သူ မနန်းယုဝေက “ကျွန်မကတော့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေနဲ့ သစ္စာပန်းမျိုးစိုက်ပျိုးထားပါတယ်၊ သစ္စာပန်းမျိုးတစ်တင်းကို တစ်သိန်းကျပ်ပေးရပြီးတော့ ပန်းမျိုးဥ အလုံးရေ ၉၀၀၀၊ ၁၀၀၀၀ ပါတယ်၊ အခု လက်ရှိဈေး ပန်းတစ်ခက်ကို ၅၀ နဲ့ဆိုရင်လေးသိန်းကျော် ငါးသိန်းထိဝင်ပါတယ်၊ မြေဆီကျွေးခ၊ ပေါင်းရှင်းကတွေကို နုတ်လိုက်ရင် သုံးသိန်းလောက်ကိုယ့် အတွက်ကျန်ပါတယ်၊ ကျွန်မတို့ကျေးရွာမြစိမ်းရောင်စီမံကိန်း မရှိခင်ကဆိုရင် အပြင်မှာမြေဆီတစ် အိတ်ကို တစ်လ ၁၀၀၀ ကျပ်နှုန်း အတိုးပေးပီးဝယ်ရတယ်၊ ကိုယ့်အတွက်အမြတ်ရတဲ့ငွေကို အတိုးနှုန်း ထဲပေးနေရတော့ အဆင်မပြေဘူး၊ အခု မြစိမ်းရောင်စီမံကိန်းက ရရှိတဲ့ချေးငွေကိုယူပြီး လက်ငင်းငွေချေစနစ် ဝယ်ယူအသုံးပြုရတော့ ကျမတို့အတွက် အမြတ်ငွေတိုးပွားရရှိတာပေါ့”ဟု ပြောသည်။
မန်ကျည်းကုန်းနှင့် တေဇကျေးရွာသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို (၂)ရွာပေါင်းတစ်ယူနစ် ဖြင့်သိန်း(၃၀၀) မတည်ကာလည်ပတ်ဆောင်ရွက်လျှက်ရှိကာ ယင်းကျေးရွာ(၂)ရွာလုံးသည် ဒေါင်းမြူး ချောင်းကမ်းနဘေးတွင်တည်ရှိပြီး ရာသီပေါ်သီနှံများဖြစ်သည့် မုံလာ၊ ပန်းမုံလာ၊ မုန့်ညှင်း၊ ငရုတ်၊ ပြောင်း၊ မြေပဲစသည့်သီးနှံများကို စီမံကိန်းချေးငွေဖြင့် အခက်အခဲမရှိ အဆင်ပြေစွာစိုက်ပျိုးလုပ် ကိုင်လျက်ရှိသည့်အပြင် စီမံကိန်းမှရရှိသည့်အတိုးရငွေဖြင့် ကျေးရွာလျှပ်စစ်မီး သစ်သားတိုင်များကို ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှု ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
မွှေးကြူဇင်


