ဝန်းသို ၆ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပုတိမ်ကုန်းကျေးရွာ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးလုပ်ငန်းဖြစ်သည့် ၄ လေးမ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် တူးဖော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ကျနော်တို့မြို့နယ်က အနည်ကျမီးသင်းကျောက်တွေ၊ သင်ပုန်းကျောက်တန်းတွေ ပေါတယ်၊ မြေအောက်ရေရဖို့ တော်တော်လေး ခက်ပါတယ်၊ အခုတွင်းက (၂)လလောက် တူးရတယ်၊ အချို့တွင်းတွေဆို သုံး လ၊ လေးလ လောက်ထိ ခက်ခက်ခဲခဲ တူးရတာတွေရှိတယ်၊ ခုတော့ ရေအောင်သွားပြီ၊ Compressor နဲ့ မှုတ်တာတောင် ဂါလံ(၁၀၀၀) လောက်ရတယ်၊ Pump ချမှာဆိုတော့ ဂါလံ (၂၀၀၀)လောက်ထွက်မှာပါ"ဟု မြို့နယ်ကျေးလက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။
အဆိုပါရေရရှိရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ဂါလံ(၂၀၀၀)ဆံ့ ရေစုကန် တစ်ကန်နှင့် (၁၀ ပေ × ၈ ပေ × ၈ ပေ)ရှိသော ရေစက်ရုံတစ်ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


