ဝန်းသို၊ ၁၂ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ နမော်ဆည်ရေသောက်ဧရိယာ ဧက ၃၅၀၀ ခန့်တွင် နွေမုရင်းစပါး၊ ပဲမျိုးစုံ၊ဆီထွက်သီးနှံ(နေကြာ၊ မြေပဲ) ဖရဲစသည့်သီးနှံများနှင့် ဟင်းသီး ဟင်းရွက်များကို နှစ်စဉ် စိုက်ပျိုးလျက်ရှိရာ ယခုနှစ် နွေစပါးနှင့်ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် ရေလုံလောက်စွာ ရရှိစေရေးအတွက် သက်ဆိုင်ရာတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေက နွေစပါး၊ ဆောင်းသီးနှံ၊ ဖရဲနှင့် အခြားသီးနှံများကို ရေရရှိမှုအပေါ်မူတည်၍ ရွေးချယ်စိုက်ပျိုးကြရန်နှင့် ရေမြောင်း လက်တံများကို ရှင်းလင်းပေးကြရန်၊ ရေကော်မတီများကိုလည်း ကျေးရွာအလိုက် ပြန်လည်ဖွဲ့စည်းရေး နှင့် ရေအခက်အခဲရှိလာပါက ရေလှည့်စနစ်ဖြင့် ရေရယူသုံးစွဲနိုင်ရေး စသည်တို့ကိုလည်းကောင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဦးစီးမှူး ဦးဝင်းထွန်းလတ်က တောင်သူများ အနေဖြင့် လယ်ယာမြေဥပဒေကို လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ဖရဲသီးနှံစိုက်ပျိုးရာတွင် မြေတွင်းဓာတ်ကြွင်းများ ကျန်ရှိမှုအခြေအနေနှင့် ဖရဲစိုက်ပျိုးခြင်းလုပ်ငန်းစဥ်များကို လေ့လာထား ရန်လိုအပ်ကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးရာတွင် ရေလိုအပ်ချက်ပေါ်မူတည်၍ စိုက်ပျိုးစေရေး၊ ရေရယူရေး ကိစ္စရပ်များတွင်လည်း တောင်သူအချင်းချင်း မလိုလားအပ်သော ပြသနာများမဖြစ်ပွားအောင် မျှမျှတတသုံးစွဲကြရန် စသည့်အကြောင်းအရာများကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော နမော်ဆည် ရေသောက်ကျေးရွာများမှ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရေကော်မတီများက စိုက်ဧကနှင့် စိုက်ပျိုးသီးနှံများ အပေါ်မူတည်၍ အပင် ဖြစ်ရေနှင့် အောင်ရေတို့ကို အချိုးကျခွဲဝေပေးစေရန်၊ ရေယူရာတွင် ဦးစားပေးသီးနှံများ သတ်မှတ်ပေး ရေး၊ အုပ်စုများအတွင်းရှိ ဆည်ရေသောက် မြောင်းများအား အချိန်နှင့်တစ်ပြေးညီပြုပြင်ဆောင်ရွက်ရေး စသည်တို့ကိုဆွေးနွေးခဲ့ကြပြီး ဝန်းသိုမြို့နယ်၏ နမော်ဆည်ရေသောက် ဧရိယာအတွင်း နွေစပါးနှင့် ဆောင်းသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးချမှတ် ပေးခဲ့ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


