ဝန်းသို ၁၈ အောက်တိုဘာ

 

၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာ တို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လျာထားပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရှိရသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ရွေးချယ်ထားသော ကျေးရွာပေါင်း၂၁ ရွာမှ အုပ်စုအုပ်ချုပ်ရေးမှုးများ၊ ကျေးရွာတာဝန်ခံများနှင့် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အစည်းအဝေးတွင် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ညှိနှိုင်းအစည်းအဝေးပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဦးစားပေးရွေးချယ်ရာတွင် လိုအပ်သည့် အချက်များကို ရှင်းလင်ပြောကြားပြီး  တက်ရောက်လာကြသော ကျေးရွာတာဝန်ခံများက  မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းလိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

ဝန်းသိုမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရင်းနှီးမြုပ်နှံမှုငွေကျပ်သိန်း ၁၀ဝ ပံ့ပိုမှုဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၄၅ ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၉ ရွာ စုစုပေါင်း ကျေးရွာ ၇၄ ရွာ တို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် တွင် ကျေးရွာပေါင်း ၂၁ ရွာ အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်မြိုင်(ပြန်/ဆက်)