ဝန်းသို၊ ၂၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်း ကားလမ်းမကြီးဘေး ညောင်ပင်သာကျေးရွာ၏ မြောက်ဘက် သီရိမြန်မာစွယ်တော်မြတ် တောင်ရိုးပေါ်တွင် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ရှိ ဗုဒ္ဓမြတ်စွာဘုရား၏ အောက်လက်ဝဲစွယ်တော်ပွားကို ပင့်ဆောင်ကာ ကိန်းဝပ်တည်ထား ပူဇော်လျက်ရှိသည်။
၎င်းစွယ်တော်ပွားအား ဆွီဒင်ဥရောပသာသနာပြုဆရာတော် ဦးသောဘဏနှင့် ညောင်ပင်သာကျေးရွာ ဉာဏိကာရာမကျောင်းတိုက် ဆရာတော် ဒေါက်တာအရှင်မေတ္တာစာရတို့ ညီနောင်နှစ်ပါးက ဇာတိမြေကို ကျေးဇူးဆပ်သောအနေဖြင့် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့မှ ပင့်ဆောင်ကာ ဆရာတော် ဒေါက်တာအရှင် မေတ္တာစာရက သာသနာပြုနယ်မြေအဖြစ် သတ်မှတ်ရွေးချယ်ထားသည့် ပိန်းကန်တောင်ရိုးပေါ်ရှိ သီရိမြန်မာ စွယ်တော်မြတ်စေတီ၏ ဂန္ဓကုဋိတိုက်အတွင်း ၂၀၁၇ ခုနှစ် ဇွန် ၁၀ ရက်၌ ကိန်းဝပ် တည်ထားတော်မူခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ပွား ကိန်းဝပ်စံပယ်တော်မှုလျက်ရှိသည့် သီရိမြန်မာစွယ်တော်မြတ် စေတီ တောင်ရိုးပေါ်တွင် စွယ်တော်နန်းကျောင်းတိုက်၊ ပဉ္စဝင်္ဂီ ငါးဦးရုပ်ပွားတော်နှင့် အဘယမေတ္တာလာဘမုနိ (ဆုတောင်းပြည့်ဘုရား)တို့ကို တည်ထားကိုးကွယ်ထားသည်။ ထို့ပြင် တောင်ရိုးပေါ်တွင် သဘာဝ အလျောက် ဖြစ်ပေါ်နေသည့် ကျောက်တုံး၊ ကျောက်လိုဏ်ဂူများ၊ တောတောင်ရှုခင်း၊ သဘာဝ ပတ်ဝန်းကျင်များကို သာယာကြည်နူးဖွယ် ခံစားနိုင်သည့်အတွက် ဝန်းသိုမြို့နယ်၏ ခရီးသွားလုပ်ငန်း ကဏ္ဍ ပိုမိုမြှင့်တင်နိုင်စေသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်(ပြန်/ဆက်)


