ဝန်းသို ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီး ဌာနက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း ချေးငွေများ ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးခြင်း၊ ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောခြင်း တို့ကို သြဂုတ် ၈ ရက်နံနက် ၉ နာရီက ဖီလေးအုပ်စု ကံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးရွာအဆင့်ခေါင်းဆောင်မှု၏ ခေါင်းဆောင်မှုပုံစံများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ စသည့်အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဟောပြောပြီး ကျေးရွာအဆင့် ကျေးရွာမတည်ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ ဦး အတွက်ငွေကျပ် ၂၀၉ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၆ ဦးအတွက် ငွေကျပ် ၉၂ သိန်း၊ ကုန်ထုတ် လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးအတွက်ငွေကျပ် ခြောက်သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦး အတွက် ငွေကျပ် ငါးသိန်းတို့ကို ကိုဗစ်ကာလ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို Type-1 အမျိုးအစားငွေကျပ်သိန်း ၃၀၀ မတည်ပေး သောကျေးရွာ ငါးရွာနှင့် Type-2 အမျိုးအစားငွေကျပ်သိန်း ၂၀၀ မတည်ပေးသော ကျေးရွာ တစ်ရွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုလ ၄ ရက်က ကင်းကြိမ်ဖူးကုန်းကျေးရွာ၊ ယခုလ ၆ ရက်က ရွာမ(နမ်းခမ်းအုပ်စု)ကျေးရွာ၊ ယနေ့တွင် ကံကုန်း(ဖီလေးအုပ်စု)ကျေးရွာ၊ စုစုပေါင်းကျေးရွာ သုံးရွာ၌ ဒုတိယအကြိမ် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောပြ၍ သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


