ဝန်းသို   ဒီဇင်ဘာ   ၁၁

မိုးစပါးသီးနှံကိုယ်စားပြု စံအထွက်နှုန်း သိရှိနိုင်ရန်၊ သီးနှံစိုက်စနစ်အလိုက် အထွက်နှုန်း သိရှိနိုင်ရန်နှင့် မိုးစပါးသီးနှံ အထွက်တိုးရေး အထွက်နှုန်းမိတ်ဖက်များ၏အရေးပါမှုကို တောင်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ခုနှစ် စိုက်ပျိုးရာသီ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်း သရုပ်ပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ကျေးရွာ၊ ကွင်းအမှတ် (၁၂၄၁)၊ ဦးပိုင်အမှတ်(၆၈) တောင်သူ ဦးမောင်မောင်ဝင်း၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းတွင် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးတင့်ဆွေနှင့် ဝန်ထမ်းများ၊ မိတ်ဖက်တောင်သူများ ပူးပေါင်း၍ SRI နည်းစနစ် မျိုးသန့်စိုက်ကွက်၊ မှော်ဘီ- ၂ စပါးမျိုး၊ (၀.၁၀)ဧက စံကွက်အား စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာ တစ်ဧက အစိုထွက်နှုန်း ၁၀၅ တင်း ထွက်ရှိသည်။

ဝန်းသိုမြို့နယ်တွင် ၂၀၂၁ ခုနှစ်၌ မိုးစပါး ၃၈၉၈၉ ဧကစိုက်ပျိုးထားရှိပြီး စံပြကွက်များအနေဖြင့် မျိုးစေ့ထုတ်ကွက် ဧက ၁၆၀၊ GAP စံပြကွက်ဧက ၄၀နှင့် SRI နည်းစနစ် မျိုးသန့် စိုက်ကွက် ၁၀ ဧကတို့ကို စိုက်ပျိုးထားကြောင်း သိရသည်။

ကျော်မြိုင်