ဝန်းသို ၂၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် CERP အစီအစဉ်အရ မိုးစပါး မျိုးစေ့ ထုတ်ကွက်စိုက်ပျိုးထားသော စိုက်ခင်းများနှင့် SRI နည်းစနစ်စိုက်ခင်းများတွင် ပိုးမွှား ရောဂါ ကျရောက်မှု ရှိ/မရှိ၊ မျိုးကွဲပါဝင်မှုနှင့် အပင်ပွား၊ အမြင့်တိုင်းတာစစ်ဆေးခြင်းတို့ကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မော်နိုင်းအုပ်စု၊ တောင်သူ ဦးအေးကို၏ SRI စိုက်နည်းစနစ် (ဧရာမင်း) စပါးခင်းတွင် ဒုတိယအကြိမ် ပျမ်းမျှအပင်ပွား၊ အမြင့်တိုင်းတာခြင်း၊ ဂျိုးတောင် KC နယ်မြေအတွင်းရှိ တောင်သူ ဦးမောင်မောင်ဝင်း၏ (ဧရာမင်း) စပါး SRI စိုက်နည်းစနစ်စိုက်ခင်း(၄.၀၀)ဧကတွင် အပင်ပွား၊ အမြင့်တိုင်းတာခြင်းနှင့် CERP အစီအစဉ်ဖြင့် (ဧရာမင်း) မျိုးစေ့ထုတ်ကွက်တွင် မျိုးကွဲပါဝင်မှု၊ ပေါင်းနှင့် ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် မိုးစပါးစိုက်ဧက ၃၈၉၈၉ ဧက၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စီးပွားဖြစ်မိုးစပါး မျိုးသန့်မျိုးစေ့ထုတ်ကွက် ဧက ၂၅၀ နှင့် SRI စိုက်နည်းစနစ်ဖြင့် ၁၂ ဧက စိုက်ပျိုးထားရှိပြီး မိုးစပါးစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


