ဝန်းသို ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ ဇူလိုင် ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်း၍ ကျေးရွာအချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်၍ သီးနှံစိုက်ခင်းများ နစ်မြုပ်ခဲ့ကြောင်း သိရသည်။
မကျည်းကုန်း၊ ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုတ်ဖို၊ သရက်အိုက်၊ ရှမ်းစု၊ စိန်လည်၊ သပြေသာ၊ အောင်းကုန်း စသည့် ကျေးရွာများတွင် ရေးကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ဒေါင်းမြူးချောင်းကို အခြေခံ၍ စိုက်ပျိုးထားရှိသော ငရုတ်စိုက်ခင်း၊ သခွားစိုက်ခင်း၊ ရုံးမတီစိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် စပါးပျိုးခင်းအချို့ ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကျေးရွာတွေက ရေကြီးရေလျှံမှု နှစ်စဉ်ဖြစ်ပေါ်ပါတယ်။ ယခင်နှစ်က မိုးဦးစောတော့ ဇွန်လမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုနှစ်ကတော့ မိုးခေါင်တော့ မိုးလယ်ရောက်မှ မိုးရွာသွန်းတာကြောင့် ရေကြီးရေလျှံခဲ့တာ။ သီးနှံစိုက်ခင်းအချို့ ပျက်စီးတာရှိတယ်ဆိုပေမယ့် စပါးစိုက်တောင်သူတွေအတွက် စပါးစိုက်ရေ အလုံအလောက်ရရှိကြပါတယ်” ဟု အုတ်ဖိုကျေးရွာ တောင်သူတစ်ဦးက ပြောပြသည်။
ထိုသို့ ရေကြီးရေလျှံမှုကြောင့် ငရုတ်စိုက်ခင်းများနှင့် သခွားစိုက်ခင်းများ ပျက်စီးသော်လည်း အခြားသီးနှံများမှာ ပျက်စီးမှုမရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


