ဝန်းသို ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်၊ မွမ်းမံဘတ်ဂျက်တို့ဖြင့် ကျေးရွာပေါင်း ခုနစ်ရွာတွင် ရေရရှိရေး လုပ်ငန်း စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် ဇူလိုင် ၁၇ ရက်က မြို့နယ်ကျေးလက်ဦးစီးမှုးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် သိန်းသန်းရတီကုမ္ပဏီက ခွင့်ပြုငွေကျပ် ၁၀ ဒသမ ၃၈ သန်းဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ချမ်းမြသီတာကျေးရွာ စက်ရေတွင်း တူးဖော်ပြီးစီးခြင်းလုပ်ငန်း၊ တွင်းဆေး ခြင်း၊ ရေထွက်နှုန်းစမ်းသပ်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက စစ်ဆေးခဲ့ကြပြီး ရေစက်ရုံ တည်ဆောက်ရန်အတွက် ကျေးရွာရေကော်မတီနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့သည်။
ဝန်းသိုမြို့နယ်အတွင်း ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာ ခုနစ်ရွာအနက် ဒုန်းဒုတ် ကျေးရွာ၊ အင်းပုဒ်ကုန်းကျေးရွာနှင့် ခပ်ချိုကျေးရွာတို့တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးဖြစ်ကြောင်း၊ ကျူတော ကျေးရွာ၊ နောင်ကွင်းကျေးရွာ၊ ချမ်းမြသီတာကျေးရွာတို့တွင် စက်ရေတွင်း တူးဖော်ပြီးစီး၍ ဆက်စပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ရှိသည့် မြိုင်ဇေယျာကျေးရွာတွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း အောင်မြင်မှုမရှိသဖြင့် ရေရရှိရေးလုပ်ငန်း ပြောင်းလဲဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင်


