ဝန်းသို ၁၁ ဇန်နဝါရီ
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျောက်တောကျေးရွာ၌ ICB-3တွင် NEP စီမံကိန်း တစ်အိမ် သုံးဆိုလာစနစ် (Solar Home System)ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  တာဝန်ရှိသူများက ယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ မြို့နယ်မီးလင်းရေးတာဝန်ခံနှင့် တာဝန်ရှိသူများ၊  ကျေးရွာမီးလင်းရေး ကော်မတီဝင်များက တစ်အိမ်သုံးဆိုလာ မီးလင်းရေးတပ်ဆင်ထားရှိမှု၊ (Public Facility) အများသုံး ဆိုလာမီးလင်းရေးစနစ်ဖြစ်သော လမ်းမီး၊ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် မီးတပ်ဆင်ထားရှိမှု လုပ်ငန်းများကို စစ်ဆေးခဲ့ကြသည်။

ကျောက်တောကျေးရွာတွင် 60Wဆိုလာမီးများကို ပြည်သူအချိုးကျထည့်ဝင်ငွေ ၅၀ဝ၀ဝကျပ်စီ ထည့်ဝင်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းမီးတိုင်နှစ်တိုင်၊ ဘုန်းတော်ကြီးကျောင်းတွင် မီးချောင်း ငါးချောင်း၊ မီးသီး သုံးလုံး၊ စာသင်ကျောင်းတွင် မီးချောင်းရှစ်ချောင်းတို့အတွက် မီးလင်းရေးစီမံကိန်းမှ ၁၀ဝ ရာခိုင်နှုန်း အခမဲ့ ကျခံဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဝန်းသိုမြို့နယ်အတွင်းရှိ မဟာဓါတ်အားလိုင်းမှ ၁၀မိုင်နှင့်အထက် ဝေးကွာသောကျေးရွာများ၌ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ICB-2တွင် ကျေးရွာ ၁၀ရွာ၊  ICB-3တွင် ကျေးရွာ တစ်ရွာ စုစုပေါင်း ကျေးရွာ ၁၁ ရွာတို့တွင် ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကျေးလက်ဦးစီးမှူး ထံမှသိရသည်။
 
ကျော်မြိုင် (ပြန်/ဆက်)