ဝန်းသို၊ ၄ ဖေဖော်ဝါရီ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ပူးပြင်းခြောက်သွေ့သော နွေရာသီ၌ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် လေးလက်မ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ခပ်ချိုကျေးရွာနှင့် မြိုင်ဇေယျာကျေးရွာတို့တွင် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် သိန်းသန်းရတီကုမ္ပဏီက လည်းကောင်း၊ ကျူတော၊ နောင်ကွင်း၊ ဒုန်းဒုတ်နှင့် အင်းပုဒ်ကုန်းကျေးရွာတို့တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အောင်ခန့်ဝင်းကုမ္ပဏီက လည်းကောင်း၊ ချမ်းမြသီတာကျေးရွာတွင် ပြည်ထောင်စု(မွမ်းမံ) ဘတ်ဂျက်ဖြင့် သိန်းသန်းရတီ ကုမ္ပဏီကလည်းကောင်း တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိအချိန်၌ ခပ်ချိုကျေးရွာ၊ ဒုန်းဒုတ်ကျေးရွာနှင့် ချမ်းမြသီတာကျေးရွာတို့တွင် သက်ဆိုင်ရာ ကုမ္ပဏီများက စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကျေးရွာ ၇ ရွာတွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း အောင်မြင်ပြီးစီးပါက အိမ်ခြေ ၅၉၄ အိမ်၊ လူဦးရေ ၃၀၀၄ ဦးတို့အတွက် ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်(ပြန်/ဆက်)


