ဝန်းသို၊ ၁၂ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အဆုံး အောင်းပင်အုပ်စု၊ လက်ပံကျင်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် တောင်သူဦးကြီးများ တစ်နိုင်တစ်ပိုင် ‘ဝ’ဥ စိုက်ပျိုးထုတ် လုပ်နိုင်စေရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကျင့်စဉ်ဆိုင်ရာ အကြောင်းအရာများကို အသိပညာတိုးပွား ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ‘ဝ’ဥ စိုက်ပျိုးနည်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲရလဒ်အရ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနတို့ပူးပေါင်းဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ‘ဝ’ဥ စိုက်ပျိုးနည်း၊ ကောက်ရိုးယူရီရားပြုလုပ်နည်း၊ မျှစ်ချဉ်ပတ် ပြုလုပ်နည်း၊ တိုင်းရင်းကြက်မွေးမြူရေးကျင့်စဉ်၊ တိရစ္ဆာန်ကူးစပ်ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများ၊ မြေ၊ မျိုး၊ ပိုး၊ သီးနှံကာကွယ်ရေး သိကောင်းစရာများ၊ သဘာဝမြေဩဇာ ပြုလုပ်နည်းနှင့် တစ်ပိုင်တစ်နိုင် ချင်း၊ နနွင်းစိုက်ပျိုးနည်းများ စသည့်ဘာသာရပ်များကို သင်တန်းကာလ (၅)ရက်ကြာ စာတွေ့လက်တွေ့ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။
အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင့်ဆွေ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဦးတင်လှိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီများ၊ အောင်းပင်အုပ်စုအတွင်းရှိ အောင်းပင်၊ လက်ပံကျင်း၊ ဂွေးတောက်ကျင်း၊ ကွန်းပေါင်း ကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ ၄၀ တက်ရောက် ခဲ့ကြောင်း သိရသည်။
ကျော်မြိုင်(ပြန်/ဆက်)


