ဝန်းသို၊ ၁၈ မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများအနက် မေ ၁၇ ရက် မွန်းလွဲပိုင်းက တောင်ကုန်းကျေးရွာနှင့် ပိန္နဲကုန်းကျေးရွာ နှစ်ရွာပေါင်း တစ်ယူနစ်အတွက် ဆဋ္ဌမအကြိမ်မြောက် စီမံကိန်းချေးငွေ ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို တောင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းချေးငွေဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်စေလိုကြောင်း၊ သတ်မှတ်အရင်းဆပ်ကာလနှင့် အတိုးဆပ်ကာလတွင် ပြန်လည်ပေးဆပ်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၌ ပြဋ္ဌာန်းပေးထားကြောင်း၊ အများပိုင်ငွေကြေးတစ်ရပ် ထူထောင်ပေးထားခြင်းဖြစ်ခြင်းကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် ကျေးရွာသူ/ ကျေးရွာသား အားလုံးတွင် တာဝန်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် စီမံကိန်းချေးငွေထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် အသင်းဝင် (၁၁)ဦးကို ငွေကျပ် (၅၄)သိန်း၊ မွေးမြူရေးလုပ်ငန်းအတွက် အသင်းဝင် (၄၈)ဦးကို ငွေကျပ်(၂၆၉)သိန်း၊ အသေးစား အရောင်းအဝယ်လုပ်ငန်းအတွက် အသင်းဝင် (၈)ဦးကို ငွေကျပ်သိန်း(၆၀)၊ စုစုပေါင်း အသင်းဝင်(၆၇)ဦးအတွက် ချေးငွေကျပ် (၃၈၃)သိန်းကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များ၏ အသင်းဝင်များအား ချေးငွေထုတ်ချေးနေမှုအပေါ် အနီးကပ်ကြပ်မတ် ဆောင်ရွက်ပေးခဲ့သည်။

ဝန်းသိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း တစ်ယူနစ် သုံးရွာဖြင့် ယူနစ်ပေါင်း (၄)ယူနစ်၊ တစ်ယူနစ် နှစ်ရွာဖြင့် ယူနှစ်ပေါင်း (၆)ယူနစ်၊ တစ်ရွာတစ်ယူနစ်ဖြင့် ယူနစ်ပေါင်း (၁၁)ယူနစ် စုစုပေါင်း ကျေးရွာ (၃၅)ရွာတွင် ယူနစ်ပေါင်း (၂၁)ယူနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာပေါင်း (၁၃)ရွာတွင် ပြည်သူလူထု အခြေပြု ချဉ်းကပ်မှုနည်းလမ်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)

mdn