ဝန်းသို၊ ၁၇ မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရေးနှင့် နွေရာသီသောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျူတောကျေးရွာတွင် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် လေးလက်မစက်ရေတွင်း တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စက်ရေတွင်း တူးဖော်ဆောင်ရွက်နေမှုကို မေ ၁၆ ရက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဌာနရေပေးရေးဌာနစိတ်တာဝန်ခံ အင်ဂျင်နီယာတို့က ကွင်းဆင်း၍ တူးဖော်လျက်ရှိသော မြေနမူနာများအား စစ်ဆေးခြင်း၊ တွင်း Cover Pipe ဝယ်ယူထားမှုအား သတ်မှတ်အရည်အသွေး ပြည့်မီမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ တွင်းတူးဖော်ခြင်းအောင်မြင်ပါက ဆက်လက်ဆောင်ရွက်ရမည့် ဆက်စပ်လုပ်ငန်းများကိုလည်း အရည်အသွေးပြည့်မီစေရေး ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး လိုအပ်ချက်များအပေါ် လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသူ အောင်ခန့်ဝင်းကုမ္ပဏီမှ တာဝန်ရှိသူနှင့် ကျေးရွာရေကော်မတီဝင်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ကျူတောကျေးရွာ လေးလက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ် ၁၂ ဒသမ ၆၀ သန်းဖြင့် တင်ဒါအောင်မြင်သည့် အောင်ခန့်ဝင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး စက်ရေတွင်းတူးဖော်အောင်မြင်ပြီးစီးပါက ဆက်စပ်လုပ်ငန်းများဖြစ်သည့် (၁၀ ပေ × ၈ ပေ × ၈ ပေ) ရေစက်ရုံ တစ်လုံး၊ ရေဂါလန် (၂၀၀၀)ဆံ့ ရေစုကန်တစ်လုံးတို့ကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးဆက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)

MDN