ဝန်းသို၊ ၁၀ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝင်းကြီးအုပ်စု ကွင်းအမှတ်(၁၂၆၅-ခ)ရှိ တောင်သူ ၆ ဦးတို့၏ လယ်မြေဧက (၁၂.၀၀) ဧကတွင် မိုးစပါးရိတ်သိမ်းပြီးချိန် လယ်သီးထပ်အဖြစ် ရေဆင်း-၁ စပ်မျိုးနေကြာ၊ ဆောင်းနေကြာသီးနှံ GAP စိုက်နည်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးနည်းပြသခြင်းကို ဒီဇင်ဘာ ၉ ရက်က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကောလင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းနှင့် မျိုးစေ့ တာဝန်ခံ ဒေါ်ကြင်စန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေနှင့် ဝန်ထမ်းများ၊ ဆောင်းနေကြာစိုက် တောင်သူများ ပူးပေါင်း၍ GAP စိုက်နည်းစနစ်ဖြင့် ရေဆင်း-၁ စပ်မျိုးနေကြာ၊ ဆောင်းနေကြာသီးနှံကို လက်တွေ့စိုက်ပျိုးပြသခဲ့ကြပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ GAP စိုက်ပျိုးနည်းစနစ်၏ အရေးပါပုံများကို တာဝန်ရှိသူများက ဆွေးနွေးမှာကြားခဲ့သည်။
ဝန်းသိုမြို့နယ်တွင် မိုးစပါးရိတ်သိမ်းပြီးချိန် လယ်သီးထပ်အဖြစ် GAP စံပြစိုက်နည်းစနစ်ဖြင့် ရေဆင်း-၁ စပ်မျိုးနေကြာကို ကျေးရွာအုပ်စု နှစ်အုပ်စု၊ လယ်ဧက ၃၀ တွင် စနစ်တကျ စိုက်ပျိုးသွားမည်ဖြစ်ပြီး ဆောင်းသီးနှံစိုက်ပျိုးဧက ၁၄၀၀ ခန့် လျာထားလျက်ရှိရာ ရေဆင်း-၁ စပ်မျိုးနေကြာသီးနှံကို လယ်ဧက ၅၀၀ ခန့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်မြိုင်(ပြန်/ဆက်)


