ဝန်းသို ၁၀ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေ ပဉ္စမနှစ်စက်ဝန်းအတွက် ငွေကျပ်သိန်း ၄၇၀ အား ယနေ့ မွန်းလွဲပိုင်းတွင် လက်ပံကျင်း ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် တောင်သူများအား ပြန်လည်ထုတ်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မိုးဦးကျကာလ စိုက်ပျိုးချိန်အမီ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ ငွေကျပ်သိန်း ၄၇၀ ကို လက်ပံကျင်းကျေးရွာ၊ ဂွေးတောက်ကျင်းကျေးရွာနှင့် ကွန်းပေါင်းကျေးရွာတို့ကို ငွေထုတ်ချေး ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးအသိပညာပေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောကြားသည်။
ယင်းကျေးရွာ(၃)ရွာမှာ အောင်းပင်အုပ်စုတွင် ပါဝင်ကာ သွားလာရေးခက်ခဲပြီး ကုန်းတွင်းပိတ်ကျေးရွာများလည်း ဖြစ်ပါကြောင်း၊ ထုတ်ချေးပေးရာတွင် မွေးမြူရေးလုပ်ငန်းအတွက် ၁၁၂ ဦးကို ငွေကျပ် ၄၄၂ သိန်း၊ အရောင်းအဝယ်လုပ်ငန်း ၄ ဦးအတွက် ၂၈ သိန်း၊ စုစုပေါင်း ၁၁၆ ဦး အတွက် ငွေကျပ်သိန်း ၄၇၀ အား ပြန်လည်ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်(မုံရွာကိုယ်ပွား)


