ဝန်းသို ၂၃ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက LIFT Fund ၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲနည်းသင်တန်းများ၏ ရလဒ်များအရ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကို ကျေးရွာပေါင်း ၂၂ ရွာတွင် ကျပ်သိန်းပေါင်း ၂၂၀၀ အသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

အဆိုပါကျေးရွာများကို ဦးစီးဌာနရန်ပုံငွေ ကျပ်သိန်း ၁၀၀ အပြင် လွှတ်တော်ရန်ပုံငွေ၊ ကျေးရွာမှထည့်ဝင်များဖြင့် ပေါင်းစပ်ဆောင်ရွက်လိုသော ကျေးရွာများ၊ မည်သည့်စီမံကိန်းမှ မရရှိသေးသော ကျေးရွာများ၊ စည်းလုံးညီညွတ်ပြီး တက်ကြွစွာဆောင်ရွက်လိုသည့် ကျေးရွာများ၊ အကျိုးခံစားခွင့် အိမ်ထောင်စုများသည့် ကျေးရွာများ၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု၊ Mini Grid နှင့် အိမ်သွယ်ရေတိုင် ဆောင်ရွက်လိုသော ကျေးရွာများ စသည့် စံသတ်မှတ်ချက် (၆)ချက်နှင့်အညီ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

၎င်းကျေးရွာများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဦးစားပေးရွေးချယ်သင့်သော ကျေးရွာများကို ဝိုင်းဝန်းစဉ်းစားဆုံးဖြတ် ရွေးချယ်ပေးခဲ့ကြရာ အလယ်ခုံကျေးရွာ (ညောင်ပင်သာအုပ်စု)၊ ကံကုန်းကျေးရွာ (ဝင်းကြီးအုပ်စု)၊ ပန်းတိမ်ကုန်းကျေးရွာ၊ ကျူတောကျေးရွာ၊ ဆည်ကြီးရွာသစ်ကျေးရွာ၊ ဆည်ကြီးရွာဟောင်းကျေးရွာ၊ ကနဖော့‌ကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ငါးရံချောင်းကျေးရွာ၊ နမလင်ကျေးရွာ၊ ကံကုန်းကျေးရွာ (တင်းဝါးချောင်းအုပ်စု)၊ အောင်းသာကုန်းကျေးရွာ၊ မှန်လွဲကုန်းကျေးရွာ၊ ညောင်းအင်းကျေးရွာ၊ အင်္ဂါးကျေးရွာ၊ ထန်းတောကျေးရွာ၊ ဖီလေးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ မအူတောကျေးရွာ၊ နောင်းကွင်းကျေးရွာ၊ ရွာသာကျေးရွာနှင့် ညောင်ကိုင်းကျေးရွာတို့ကို ဦးစားပေးရွေးချယ် အတည်ပြုခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။

မွှေးကြူဇင်