ဝန်းသို ၂၀ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် ပျိုးအငှားနုတ်စျေးကောင်းသဖြင့် ပျိုးအငှားနုတ်သူများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

"ယခု ပျိုးတစ်စည်းစျေးကို ၁၀၀ ကျပ်ဖြင့် ပျိုးအငှားနုတ်ပါတယ်။ နံနက် ၆ နာရီမှ ၁၀ နာရီအထိ တစ်ယောက်ကို လွယ်ရင်လွယ်သလို အစည်း ၈၀ မှ ၁၀၀ အထိရရှိပြီး တစ်ရက်လုံးနုတ်လျှင် အစည်း ၁၅၀ မှ ၂၀၀ အထိ ရရှိသည်။ တစ်ရက်နုတ်ခကို ငွေကျပ်၂၀၀၀၀ ကျော်ရရှိသည့်အတွက် စားဝတ်နေရေး အဆင်ပြေပါတယ်"ဟု ပျိုးအငှားနုတ်သူ အုတ်ဖိုကျေးရွာမှ ဦးကျော်မင်းထွန်းက ပြောသည်။

 

"ယခင်နှစ်က ပျိုးတစ်စည်းကို ၇၀ကျပ်နှင့် ငှားရမ်းခဲ့ရပြီး ယခုနှစ်တွင် မိုးကလည်း မှန်တော့ စပါးစိုက်တောင်သူများကလည်း ရေရရှိသည့်အခါ အချိန်မီ စိုက်ပျိုးနိုင်ရေး ရက်များသတ်မှတ်၍ ပျိုးအငှားနုတ်သူများကို အပြိုင်အဆိုင် ငှားရမ်းသဖြင့် ပျိုးတစ်စည်းကို ၇၀ကျပ်မှ ၁၀၀ ကျပ်အထိ ငှားရမ်းခဲ့ရသည့်အတွက် ပျိုးအငှားနုတ်စျေး မြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်" ဟု သရက်အိုက်ကျေးရွာမှ စပါးစိုက်တောင်သူ ဦးတင်မောင်က ပြောသည်။

 

ဝန်းသိုမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၃၈၄၉၈ လျာထားလျက်ရှိရာ လက်ရှိအချိန်တွင် ၂၉၄၁၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)

 

mdn