ဝန်းသို ၁၁ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း ၁၀ရွာသို့ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်နွယ်ဦးနှင့် တာဝန်ရှိသူများကွင်းဆင်း၍ RWSMIS Application အသုံးပြုပြီး ရေပေးရေးဆိုင်ရာအချက်အလက်များကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ကျေးရွာများ၏ ရေပေးရေးလုပ်ငန်းစနစ် အသုံးပြုမှုအခြေအနေကို သိရှိနိုင်ရန် ရေရှားပါးပြတ်လပ်နိုင်ခြေရှိသော ကျေးရွာများ၏ ရေသုံးစွဲနေမှုအခြေအနေများကို သိရှိနိုင်ရန်နှင့် ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်သော ရေပေးဝေရေးလုပ်ငန်းအခြေအနေများကို မှန်ကန်စွာ သုံးသပ်သိရှိနိုင်စေရန်ရည်ရွယ်၍ယခုကဲ့သို့ ရေပေးရေးဆိုင်ရာအချက်အလက်များကို Mobile Phone ဖြင့် RWSMIS Application အသုံးပြုပြီး ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
ရေပေးရေးစစ်တမ်းကောက်ယူရာတွင် ဝန်းသိုမြို့နယ် ကျေးရွာပေါင်း ၁၇၉ ရွာရှိသည့်အနက် ၂၀၁၂-၂၀၁၃ခုဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်အထိ ရေပေးရေးလုပ်ငန်း ဆောင်ရွက်ထားပြီး ဖြစ်သော ကျေးရွာ ၃၇ရွာ၊ ရေပေးရေးလုပ်ငန်းဆောင်ရွက်ထားမှုမရှိသော ကျေးရွာ၅၀၊ စုစုပေါင်း ကျေးရွာ ၈၇ရွာ ကောက်ယူရန် ရည်မှန်းထားပြီး ယနေ့ထိကျေးရွာပေါင်း ၇၂ ရွာတို့တွင် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင်(ပြန် /ဆက်)