ဝန်းသို ၇ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်တောကျေးရွာ၌ ၄ လက်မ စက်‌ရေတွင်း တူးဖော်ခြင်း လုပ်ငန်းနှင့် မှန်လွဲကျေးရွာတွင် ၂ လက်မ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း က ပြောကြားသည်။

 

ကျောက်တောကျေးရွတွင် ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေ ကျပ်  ၁၃ ဒသမ ၇၁ သန်းဖြင့် ၄ လက်မ စက်ရေတွင်းကို ပေ ၄၀၀ ၊ အလျား ၁၀ ပေ ၊ အနံ ၈ ပေ ၊ အမြင့် ၈ ပေရှိသော ရေစက်ရုံတစ်ခု၊ ဂါလံ (၂၀၀၀) ဆံ့ ရေလှောင်ကန်တစ်ခုတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ ယင်းမှန်လွဲကျေးရွာတွင် အချင်း ၂ လက်မ၊ ပေ (၃၀၀) ရှိသော စက်ရေတွင်းကို တိုင်းဒေသကြီးအစိုးရ အထွေထွေပိုလျှံရန်ပုံငွေဖြင့် စက်ရေတွင်း တူးဖော်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးက ပြောကြားသည်။

 

ယင်းစက်ရေတွင်း တူးဖော်ဆောင်ရွက်ပြီးပါက အိမ်ခြေ(၆၇)၊ လူဦးရေ (၃၀၉) ဦး အတွက် သောက်သုံးရေလုံလောက်စွာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း၊  မိမိတို့မြို့နယ်သည် ပထဝီမြေအ နေအထားအရ မြေအောက်လွှာအများစုမှာ မာကြောသဖြင့် စက်ရေတွင်း တူးဖော်ရာတွင် အခက်အခဲရှိပါကြောင်း၊  သတ်မှတ်ကာလတွင် အချိန်မီ ပြီးစီးနိုင်ရေးအရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောကြားသည်။ 

 

မွှေးကြူဇင်