ဝန်းသို  ၁၃   အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဆေးခင်းခုံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းချေးငွေရယူ၍ တစ်နိုင်တစ်ပိုင် "ဝက်" မွေးမြူရေး လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာ‌ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ပြောသည်။

 

အဆိုပါ စီမံကိန်းချေးငွေဖြင့် ဝက်မွေးမြူလုပ်ကိုင်ပြီး စီးပွားရေးအဆင်ပြေလာသူ ဒေါ်အေး‌အေးမြင့် က" ၂၀၁၅-၂၀၁၆ ခုနှစ်က ကျွန်မတို့ရွာကို ကျေးလက်ဦးစီးဌာနက မြစိမ်းရောင် ချေးငွေပေးတယ်၊ ပထမနှစ်ကချေးငွေကို ကောင်းကောင်းအသုံးမချတက်တော့ မပြေလည်ခဲ့ဘူး၊ ဒုတိယနှစ်မှာ လုပ်နည်းကိုင်နည်းမှန်သဖြင့် အဆင်ပြေလာတယ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်မှာ တော်တော်လေးချောင်လည်လာတယ်၊   ကျွန်မက ဝက်ကိုအသားတိုး မမွေးဘူး၊   ဝက်သားဖောက် မွေးတာပါ၊ သားဖောက်ရင်(၁၀)ကောင်ကနေ(၁၄)ကောင် လောက်ထိပေါက်တယ်၊ ရောင်းတန်းဝင် သားပေါက်တစ်ကောင်ဆို (၇၀၀၀၀)၊ (၈၀၀၀၀) သောင်းလောက်ထိ ရောင်းရတယ်  " ဟု ဝက်မွေးမြူရေးလုပ်ကိုင်သူ က ပြောကြားသည်။

 

ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာစေရန်နှင့် ဆင်းရဲသောမိသားစုများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုများ ဝင်ငွေတိုးပွားလာစေရေး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာပေါင်း (၃၅)ရွာတွင် ယူနစ်ပေါင်း(၂၁)ယူနစ်အား တစ်ယူနစ်လျှင် သိန်း(၃၀၀)စီ မတည်ပေးပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

မွှေးကြူဇင်