ဝန်းသို  ဇူလိုင်   ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဝင်းကြီးအုပ်စု၊ ကံကုန်းကျေးရွာ၌ ပေ ၈၀ ကျော် ကွန်ကရစ်တံတား တစ်စင်းတည်ဆောက်လျက်ရှိရာ ၆၀ ရာခိုင်နူန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါကွန်ကရစ်တံတားမှာ အရှည် ၈၄ ပေ၊ အကျယ် ‌၁၆ ပေ၊ အမြင် ၁၀ ပေ ဖြစ်ပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးချိန်တွင် ၂၄ ပေ တစ်ခန်းနှင့် ၂၀ ပေ တစ်ခန်း သံပေါင်တင် ကွန်ကရစ် ကြမ်းခင်းခြင်း၊ Slab လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်ရှိနေသော ပေ ၄၀ အကျယ် တစ်ခန်း သံပေါင်တင်ခြင်းနှင့် ကြမ်းခင်း Slab လောင်းခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကံကုန်းကျေးရွာ ရွာအဝင်ကွန်ကရစ်တံတားကြီးအား VDP စီမံကိန်းရန်ပုံငွေ သိန်း ၁၀၀၊ အလှူရှင် တစ်ဦးမှ သိန်း ၅၀၊ ပြည်သူထည့်ဝင်ငွေ  ၁၃၈ ဒသမ ၆ သိန်းအပြင် ကျောက်၊ သဲ အလှူရှင်များ၊ ကျေးရွာလူထု၏ လုပ်အားများဖြင့် ကျေးလက်ဦးစီးဌာန၏ နည်းပညာအကူအညီရယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မွှေးကြူဇင်