ဝန်းသို ဇွန် ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း မိုး၊ ဆောင်း၊ နွေရာသီစိုက်ပျိုးသီးနှံများ အထွက်နှုန်းပိုမိုတိုးတက်စေရေး၊ စားနပ်ရိက္ခာဖူလုံစေရေး၊ အဟာရပြည့်ဝသော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အစားအစာများဘေးကင်းလုံခြုံစွာ စိုက်ပျိုး ထုတ်လုပ်နိုင်ကြစေရန် ရည်ရွယ်၍ တောင်သူ စွမ်းဆောင်ရည်မြှင့်သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးရုံးတွင် ဇွန် ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲက ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်းလတ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ တင်လှိုင်ဝင်းတို့က တောင်သူများ သီးနှံအထွက်နှုန်းတိုးတက်ရန် ဆောင်ရွက်ရမည့်အချက်များနှင့် မွေးမြူရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာအကြောင်း သိကောင်းစရာများ၊ မြေအသုံးချရေးဘာသာရပ်၊ ရွက်ဖျန်းမြေဩဇာပြုလုပ်နည်း၊ မျိုးစေ့ဘာသာရပ်၊ စပါးမျိုးစေ့၊ သီးနှံကာကွယ်ရေးဘာသာရပ်၊ ပေါင်းသတ်ဆေးပြုလုပ်နည်း၊ ပေါင်းသတ်ဆေးအကြောင်း သိကောင်းစရာများ၊ GAP အကြောင်းသိကောင်းစရာများ စသည့်ဘာသာရပ်တို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေနှင့် တာဝန်ရှိသူများက သင်ကြားဆွေးနွေးပေးခဲ့ပြီး သင်တန်းတက်ရောက်လာသည့် တောင်သူ ၂၇ ဦးကို မျိုးစေ့နှင့် ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


