နေပြည်တော် ဒီဇင်ဘာ ၆
ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၁) နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၂) သင်တန်းများဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အဆင့်မြင့် အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မားထက်မြက်လာစေပြီး မိမိတာဝန်ယူရသော ဝန်ထမ်းအဖွဲ့အစည်း၏ ဦးဆောင်နိုင်မှုစွမ်းရည် တိုးတက်လာစေရန်နှင့် အနာဂတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ခြင်း ရခြင်းဖြစ်ကြောင်း။
သင်တန်းတွင် ဘက်ပေါင်းစုံတွေးခေါ်မြော်မြင်မှု၊ ညှိနှိုင်းပေါင်းစပ် တတ်မှု၊ ပြည်တွင်း၊ ပြည်ပဗဟုသုတနှင့် သတင်းအချက်အလက်နည်းပညာများကို အသုံးချပြီး ပိုမိုကောင်းမွန် သည့်ပညာရပ်အတွေ့အကြုံသင်ခန်းစာနှင့် နမူနာများကိုလေ့လာသုံးသပ်တတ်သည့် အလေ့ အထများရရှိစေရန် တာဝန်ရှိသူများက ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း။
ကျယ်ပြန့်သည့် တွေးခေါ်မြော်မြင်မှု စွမ်းအားနှင့် စွမ်းဆောင်ရည်များ အစဉ် တိုးတက် နေစေရန် သင်တန်းကာလဆွေးနွေးမှုများမှ ပညာသစ်၊ အတွေ့အကြုံသစ်များကို ဖော်ထုတ် သိမြင်နိုင်ရေး အထူးကြိုးပမ်းလေ့လာသွားကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၁)သို့ ဝန်ကြီးဌာန များမှ သင်တန်းသား (၂၀)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၂)သို့ သင်တန်းသား (၃၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၈) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)