နေပြည်တော် ဒီဇင်ဘာ ၁၇
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဝန်ထမ်း အဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၇)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၈)တို့၏ သင်တန်းဆင်းအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိနီလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက “သင်တန်းကာလအတွင်း နိုင်ငံ့ဝန်ထမ်း များသည် နိုင်ငံတော်နှင့် ပြည်သူများအကြား ပေါင်းကူးတံတားဖြစ်သဖြင့် နိုင်ငံတော်အပေါ် ပြည်သူများ၏ ယုံကြည်မှုရရန် ဝန်ထမ်းများသည် အဂတိတရားကင်းပြီး စည်းမျည်းစည်းကမ်းနှင့် ကျင့်ဝတ်များကို လိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အဓိကစံတန်းဖိုးများဖြစ်သည့် ရိုးသားခြင်း (Honesty)၊ ဖြောင့်မတ်သမာဓိရှိခြင်း(Integrity)၊ ဓမ္မဓိဋ္ဌာန်ကျစွာ ပြုမှုခြင်း (Objectivity)၊ ဘက်မလိုက်ခြင်း (Impartiality)၊ စရိုက်လက္ခဏာ(Ethos)၊ ကိုယ်ကျင့်တရား (Ethics)၊ တန်းတူညီမျှမှု(Equity)၊ စွမ်းဆောင်ရည်ပြည့်ဝမှု (Efficiency) စသည်တို့ကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ သင်တန်းက အရာရှိကြီးများ၏ စီမံခန့်ခွဲမှုစွမ်းရည်များကို ပိုမိုတိုးတက်လာစေပြီး နိုင်ငံ့ဝန်ထမ်းလောက ခေတ်မီဖွံ့ဖြိုးတိုးတက်လာအောင် တစ်စိတ်တစ်ပိုင်း အထောက်အကူပြုစေမည်ဟု မျှော်လင့်ပါကြောင်း၊ ဝန်ထမ်းကောင်းဟူသည် နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ် သိက္ခာများကို လေးစားလိုက်နာ စောင့်ထိန်းပြီး မိမိတတ်သိနားလည်မည့် အရည်အချင်းများ ပိုင်ဆိုင်အောင် လေ့လာဆည်းပူးရုံသာမက မိမိတို့၏ လုပ်ငန်းတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်နိုင်စွမ်း ရှိသူများအဖြစ် အစဉ်ကြိုးပမ်း ထမ်းဆောင်ကြရန်၊ နိုင်ငံတော်၏ စီမံအုပ်ချုပ်မှုယန္တရားအတွင်း ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ စေတနာ ကောင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အနာဂတ်တွင် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများအဖြစ် နိုင်ငံ့တာဝန်များကို တိုးမြင့်ထမ်းဆောင်နိုင်ကြပါစေ” ဟု ဆန္ဒပြု ပြောကြားသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်သည်။ အဆိုပါ သင်တန်းဆင်းအခမ်းအနားသို့ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးသင်တန်း အမှတ်စဉ်(၇)မှ သင်တန်းသား ၁၂ ဦး၊ သင်တန်းသူ ကိုးဦး စုစုပေါင်း ၂၁ ဦးနှင့် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၈)သို့ သင်တန်းသား ၂၅ ဦး၊ သင်တန်းသူ ၂၀ စုစုပေါင်း ၄၅ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တ ရှစ်ပတ် ကြာမြင့်ခဲ့သည်။ ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်တွင်း ဖွင့်လှစ်ဆဲ သင်တန်းများ၏ လေ့ကျင့်သင်ကြားမှုနှင့် တည်ဆောက်ရေးလုပ်ငန်း များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်