နေပြည်တော် ဒီဇင်ဘာ ၂

 

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ် (၁၆) နှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၉) တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဉီးဆန်းမြင့်၊ သူရဉီးဘိုနီနှင်တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဉီးစွာပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက အဆင့်မြင့်အရာရှိကြီးများအနေဖြင့် မိမိတို့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ မိမိတို့နိုင်ငံ၊ မိမိတို့အဖွဲ့အစည်း၏ ရည်မှန်းချက်ကို ပျက်ပြားစေမည့် အတားအဆီး၊ ဆူးငြှောင့်ခလုတ်များကို စဉ်းစားဆင်ခြင်သုံးသပ်ပြီး အမှန်နှင့်အမှား အကောင်းနှင့်အဆိုး မှန်ကန်စွာ ခွဲခြားစိစစ်ကာ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နိုင်စေရန် လမ်းပြကြရမည် ဖြစ်ပါကြောင်း။

 

မိမိကိုယ်ကိုယ် လေ့လာဆန်းစစ်ပြီး ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအရည်အသွေး တိုးတက် မြင့်မားအောင် ကြိုးပမ်းရင်း တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ငန်းဆောင်တာများကို တိကျမြန်ဆန် သွက်လက်စွာ ဆောင်ရွက်ကြရန်နှင့် မိမိဌာနအဖွဲ့အစည်း၏ လုပ်ငန်းများကို ခေတ်မီဆန်းသစ်ပြီး ဖန်တီးနိုင်မှုစွမ်းအားများနှင့် ပေါင်းစပ်လုပ်ကိုင်ကြရန် တိုက်တွန်းမှာကြားသည်။

 

အဆိုပါ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ် (၁၆) သို့ သင်တန်းသား (၁၄) ဦး၊ သင်တန်းသူ (၈) ဦး၊ စုစုပေါင်း (၂၂) ဦးနှင့် အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ် (၁၉) သို့ သင်တန်းသား (၂၈) ဦး၊ သင်တန်းသူ (၁၇) ဦး၊ စုစုပေါင်း (၄၅) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၄ ခုနှစ်ဒီဇင်ဘာ ၂ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်ထိဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်